ဘေဂျင်း၊ စက်တင်ဘာ ၁
ကာလကြာရှည် ဖြစ်ပွားနေတဲ့ နယ်စပ် အငြင်းပွားမှု အပါအဝင် နှစ်များစွာကြာ တင်းမာမှုတွေ ရှိခဲ့ပြီးနောက် နှစ်နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းအောင် ဆောင်ရွက်သွားမယ်လို့ တရုတ်နဲ့ အိန္ဒိယခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီတို့ ဆိပ်ကမ်းမြို့ တီယန်ကျန်းမှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ပြင်ပမှာ တွေ့ဆုံပြီးနောက် အခုလိုမျိုး သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒါက ဝန်ကြီးချုပ် မိုဒီအနေနဲ့ ၇ နှစ်အတွင်း တရုတ်ကို ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။
တရုတ်နဲ့အိန္ဒိယတို့ဟာ ပြိုင်ဖက်တွေ မဟုတ်ဘဲ လက်တွဲဖော်တွေ ဖြစ်သင့်တယ်လို့ သမ္မတ ရှီက မိုဒီကို ပြောတဲ့အချိန်မှာ မိုဒီက နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တည်ဆောက်နိုင်မယ့် အခြေအနေ ရှိနေပြီလို့ ပြန်လည် ပြောဆိုခဲ့တာပါ။
အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲ အရှိန် လွှမ်းမိုးမှု ရှိနေချိန် ကျင်းပတဲ့ အခု ညီလာခံသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက်ပါတယ်။
ပူတင်အနေနဲ့ ယူကရိန်းကို ဆက်လက် တိုက်ခိုက်နေတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီး နယူးဒေလီက ရုရှား ရေနံတွေကိုဆက်လက် ဝယ်ယူနေတဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ အိန္ဒိယအပေါ် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အခွန်တွေ တိုးမြှင့် ကောက်ခံထားပါတယ်။

အမေရိကန်-အိန္ဒိယ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေချိန်မှာ မိုဒီက ရှီကျင့်ဖျင်နဲ့ ပိုရင်းနှီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံတွေ ဖြစ်ပြီး ကမ္ဘာမှာ အကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်က နယ်စပ် ဟိမဝန္တာဒေသမှာ နှစ်နိုင်ငံ တပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့မှု ဖြစ်ပွားပြီးနောက်ပိုင်း ရပ်ဆိုင်းထားခဲ့တဲ့ အိန္ဒိယနဲ့ တရုတ်ကြား လေကြောင်း ခရီးစဉ်တွေ ပြန်စမယ်လို့ မိုဒီက ကြေညာထားပါတယ်။
Ref:BBC