တီယန်ကျန်း၊ စက်တင်ဘာ ၁
ကရင် အမျိုးသား အစည်းအရုံး KNU ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပြီးနောက် တရုတ်၊ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း ညီလာခံ ပြင်ပမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင် အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက်တဲ့ ညီလာခံသို့ တက်ရောက်ဖို့ မြန်မာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို တရုတ် အစိုးရက ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ နိုင်ငံရေးမှာ ပြည်ပက ဝင်မစွက်ဖက်ရေး ပြောဆိုပေးတဲ့အတွက် တရုတ်ကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင်က ပြောကြားပြီး မြန်မာမှာ ကြုံခဲ့ရတဲ့ ငလျင်ဘေး အကြောင်း သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့ပါတယ်။
ရခိုင့်တပ်တော် AA နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်ဖြူနဲ့ တရုတ်ကို ချိတ်ဆက်မယ့် ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်လို့လည်း ရှီကျင့်ဖျင်နဲ့ မင်းအောင်လှိုင်ကြား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာမှာ စတင်မယ့် ရွေးကောက်ပွဲတွေ အတွက် စစ်ခေါင်းဆောင်တွေကို အီလက်ထရောနစ် မဲပေးစက်တွေ ထောက်ပံ့ထားတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ တိုက်တွန်း ပြောကြားခဲ့ ပါတယ်။
နောက်ထပ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ဆွေးနွေးရေး စားပွဲဝိုင်းဆီ ရောက်ရှိလာစေဖို့ ဆက်လက် ဖိအားပေးရေး တရုတ်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်တပ်ဟာ တရုတ်၊ရုရှားတို့ရဲ့ စစ်လက်နက် ထောက်ပံ့မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို ဘေဂျင်းရဲ့ အကူအညီနဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ပေးဖို့ တောင်းဆိုနေပါတယ်။
မြန်မာ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးလို့ ပြောဆိုနေတဲ့ တရုတ်ဟာ သူတို့ နယ်စပ် တည်ငြိမ်ရေးကို အကြောင်းပြပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို အမျိုးမျိုး ဖိအားပေးနေတာ ဖြစ်ပါတယ်။
Ref:DVB
