နောင်ချို၊ သြဂုတ် ၃၀

တအာင်းတပ်မတော် TNLA ထိန်းချုပ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ နာမည်ကြီး ဂုတ်ထိပ်တံတားကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်း စာတွေမှာ ဖော်ပြပါတယ်။

ဂုတ်ထိပ်တံတားနဲ့ အဲဒီတံတားရဲ့ မီးရထားလမ်းနေရာတဝိုက်ကို မနေ့ သြဂုတ် ၂၉ ရက်နေ့မှာ စစ်တပ်က ပြန်လည်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် နောင်ချို့နဲ့ ဆက်စပ်နေတဲ့ ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။

ကျောက်မဲမြို့ကို ထိုးစစ်ဆင်နေတဲ့ ၁၂ ရက်တာကာလအတွင်း TNLA ထိန်းချုပ်ထားတဲ့ ခဲတုံကြိုင်၊ ကောင်းပို၊ ပန်တိ၊ နောင်ပိန်၊ ပင်ပေါ၊ ဇီးပင်စခန်း၊ ကျောင်းကုန်းကျေးရွာအပါအဝင် ဂုတ်ထိပ်တံတား တစ်ခုလုံးကို ပြန်လည်သိမ်းပိုက်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က စတင်ခဲ့တဲ့ ကျောက်မဲမြို့ စစ်ဆင်ရေးအတွင်း TNLA နဲ့ စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ၄၇ ကြိမ် ဖြစ်ပွားခဲ့ပြီး TNLA ဘက်က ၂၉ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

ဂုတ်ထိပ်တံတားနဲ့ နောင်ချို – ကျောက်မဲ မီးရထားလမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တအာင်းတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူထံ သံလွင်တိုင်းမ်က မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.