ကိုလမ်ဘို၊ သြဂုတ် ၂၃

ရန်ပုံငွေတွေ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်စပ်ပြီး သီရိလင်္ကာ သမ္မတဟောင်း ရာနေးလ် ဝီကရီမက်ဆင်းချ်ကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်က သူသွားရောက်ခဲ့တဲ့ ပြည်ပခရီးစဉ်တွေနဲ့ ပတ်သက်လို့ စွဲချက် ၃ ခုနဲ့ ရင်ဆိုင်နေရတာပါ။

သမ္မတဟောင်း ဝီကရီမက်ဆင်းချ်ဟာ သြဂုတ် ၂၂ ရက် စောစောပိုင်းက ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာန CID မှာ စစ်ဆေးခံခဲ့ပြီးနောက် မြို့တော် ကိုလမ်ဘိုရှိ အောက်တရားရုံးမှာ လာရောက် စစ်ဆေးခံခဲ့ပါတယ်။

ကျန်းမာရေး အကြောင်းပြချက်နဲ့ အာမခံ လျှောက်ထားပြီး ဖြစ်ပေမယ့် သူ့ကို ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

သီရိလင်္ကာမှာ အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ပြဿနာကြောင့် လူအများ ထောက်ခံတဲ့ လူထုအုံကြွမှု ဖြစ်ပွားခဲ့ရာကနေ သမ္မတ ဂိုတာဘာယာ ရာဂျာပက်စကာ ထွက်ပြေးသွားခဲ့ပြီးနောက် သမ္မတဖြစ်လာသူ ဝီကရီမက်ဆင်းချ်ဟာ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၄ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့ ပါတယ်။

သူဟာ နိုင်ငံ့စီးပွားရေး နလန်ပြန်ထူအောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့တဲ့အတွက် အများရဲ့ ချီးကျူးတာ ခံခဲ့ရပါတယ်။

သူဟာ ၁၉၉၀ ပြည့်နှစ်တွေက ဝန်ကြီးချုပ်အဖြစ် သီးခြား သက်တမ်း ခြောက်ကြိမ် တာဝန် ထမ်းဆောင်ခဲ့သူပါ။

အသက် ၇၆ နှစ် အရွယ် ဝီကရီမက်ဆင်းချ်ဟာ သမ္မတအဖြစ် တာဝန်ယူချိန်က နိုင်ငံခြားသို့ ၂၆ ကြိမ် သွားရောက်ခဲ့ပြီး ဒေါ်လာ ၂ သန်း (ရူပီး သန်း ၆၀၀) ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၂ ရက်က ဖမ်းဆီးမှုဟာ ကျူးဘားမှာ ကျင်းပတဲ့ ဂျီ-၇၇ အစည်းအဝေးက အပြန် ဗြိတိန်ကို ဝင်ရောက်ခဲ့တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ခရီးစဉ်တွေအတွက် နိုင်ငံတော် ငွေတွေ သုံးစွဲခဲ့တာ ဖြစ်ပြီး သူနဲ့ သူ့ဇနီးတို့ဟာ ပုဂ္ဂိုလ်ရေး ခရီးတွေလည်း သွားရောက်ခဲ့ကြပါတယ်။

သီရိလင်္ကာမှာ ဖမ်းဆီးခံရတဲ့ ပထမဆုံးသမ္မတဟောင်းဖြစ်သူ ဝီကရီမက်ဆင်းချ်ဟာ ၁၉၇၇ ခုနှစ်မှာ လွှတ်တော် အမတ်ဖြစ်လာပြီး အတွေ့အကြုံ အများကြီးရှိတဲ့ နိုင်ငံရေးသမား ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.