သရက်ချောင်း၊ ဩဂုတ်၂၃
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မိုးရွှေကူးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းဟာ သြဂုတ် ၂၂ ရက်နေ့ မနက် ၆ နာရီအချိန်လောက်မှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး မိုးရွှေကူးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက် လာတာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် နေရာ ငါးနေရာကနေ မီးခိုးလုံးတွေ မြင်နေရပြီး နေအိမ်ပျက်စီးမှု အရေအတွက် အတိအကျ မသိရသေးပါဘူး။
မိုးရွှေကူးရွာခံတွေကတော့ သြဂုတ် ၁၉ ရက်နေ့ကတည်းက စော်ဖျားရွာအနီးတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရလို့ ရွာတွေထဲမှာတော့ မရှိတော့ဘူးလို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်တပ်စစ်ကြောင်းဝင်နေတာကြောင့် စော်ဖျား၊ ကင်းရှေ့၊ မိုးရွှေကူး၊ ကျောက်လှေကားကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ