မော်လမြိုင်၊ ဩဂုတ် ၂၃
ရွေးကောက်မတိုင်မီ စစ်ကော်မရှင်တပ်ဟာ မွန်ပြည်နယ် သထုံမြို့နယ်အခြေစိုက် တပ်ရင်းတွေထံ တပ်အင်အား ရာနဲ့ချီ ထပ်မံဖြည့်တင်းထားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ သြဂုတ်လဆန်းပိုင်းကစပြီး သထုံအခြေစိုက် တပ်ရင်းတွေထံ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး လက်နက်ခဲယမ်း အများအပြား ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တပ်အင်အားဖြည့်တင်းမှုဟာ ရွေးကော်ပွဲမတိုင်မီ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ ဒုတာဝန်ခံ စောထူးအောင်က သုံးသပ်ပါတယ်။
စစ်ကော်မရှင်တပ်ဘက်က တပ်အင်အားတွေ ထပ်တိုးထားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး စစ်ကြောင်းထိုးလာရင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။
သထုံမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ တပ်ရင်းပေါင်း ရှစ်ရင်းထက်မနည်း ရှိနေပြီး အဲဒီတပ်ရင်းတွေမှာ အနည်းဆုံး အင်အား ရာဂဏန်းလောက် ဖြည့်တင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မွန်ပြည်နယ် သထုံမြို့နယ်ဟာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၁ မှာ ပါဝင်နေပြီး သထုံမြို့နယ်ရဲ့ ကျေးရွာအများစုကိုတော့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF က ထိန်းချုပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media