ဂျေရုစလင်၊ သြဂုတ် ၂၃

ဟားမာ့စ်အဖွဲ့အနေနဲ့ လက်နက်ဖြုတ်သိမ်းဖို့နဲ့ ဓားစာခံ အားလုံး လွှတ်ပေးဖို့ သဘောမတူရင် ဂါဇာစီးတီး ဖျက်ဆီးခံရလိမ့်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

နိုင်ငံတကာနဲ့ပြည်တွင်းက ကန့်ကွက်နေပေမယ့် ဂါဇာစီးတီးကို ကြီးကြီးမားမား ထိုးစစ်ဆင် တိုက်ခိုက်ရေး အစ္စရေး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ခွင့်ပြုလိုက်ပြီးနောက် ကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရက်ပေါင်း ၆၀ ကြာ အပစ်အခတ် ရပ်စဲဖို့ ကာတာနဲ့အီဂျစ်တို့ ကြားဝင်ညှိနှိုင်းပေးထားတဲ့ နောက်ဆုံးကမ်းလှမ်းချက်ကို ဟားမာ့စ်အဖွဲ့က သြဂုတ် ၁၈ ရက်မှာ သဘောတူထားတာပါ။

ကာတာ ညှိနှိုင်းရေးမှူးတွေရဲ့အဆိုအရ နှစ်ဖက် သဘောတူညီမှု ရခဲ့ရင် လက်ကျန် ဓားစာခံတွေထဲက ထက်ဝက် ပြန်လွတ်မြောက်လာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ပယ်ချခဲ့ပုံရပြီး အစ္စရေးဘက်က လက်ခံနိုင်တဲ့ သတ်မှတ်ချက်တွေနဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဓားစာခံ အားလုံး ပြန်လည် လွတ်မြောက်ရေး ဆွေးနွေးပွဲ အသစ်တွေ ကျင်းပရေး ညွှန်ကြားထားတယ်ဆိုပါတယ်။

စစ်ပွဲ ၂၂ လ ကြာမြင့်လာပြီးနောက် ဓားစာခံ ၅၀ ထဲက ၂၀ လောက်ပဲ အသက်ရှင်လျက် ကျန်နေသေးတယ်လို့ အစ္စရေးက ယုံကြည်ထားပါတယ်။

ဆွေးနွေးမှုအသစ်တွေ ပြုလုပ်မယ့် နေရာကို အတည်ပြုပြီးတာနဲ့ ညှိနှိုင်းရေးမှူးတွေ စေလွှတ်သွားမှာ ဖြစ်ကြောင်း အရာရှိတွေကို ကိုးကားပြီး အစ္စရေး မီဒီယာက ဖော်ပြပါတယ်။

ဂါဇာစီးတီးကို ထိန်းချုပ်ရေးနဲ့ ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရေး စစ်တပ်ကို ခွင့်ပြုထားပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြောပါတယ်။

စစ်ပွဲ အဆုံးသတ်ဖို့ အစ္စရေးရဲ့သတ်မှတ်ချက်တွေကို သဘောမတူရင် ဂါဇာမှာ ရှိတဲ့ ဟားမာ့စ် ခေါင်းဆောင်တွေနဲ့ မုဒိမ်းကောင်တွေအတွက် ငရဲတံခါး ပွင့်လာလိမ့်မယ်လို့ ဝန်ကြီး အစ္စရေး ကာ့ဇ်က သြဂုတ် ၂၂ ရက်က ပြောဆိုထားတာပါ။

သူတို့ သဘောမတူရင် ဟားမာ့စ်အဖွဲ့ရဲ့ မြို့တော် ဂါဇာစီးတီးဟာ ရာဖာမြို့လို ဘိတ် ဟာနွန်မြို့တို့လို ဖြစ်သွားလိမ့်လို့ သူက ပြောပါတယ်။

အစ္စရေးရဲ့ စစ်ဆင်ရေးတွေအပြီးမှာ အဲဒီ မြို့နှစ်မြို့ဟာ အပျက်အစီးပုံကြီး တစ်ခုလို ဖြစ်သွားခဲ့ပါတယ်။

အစ္စရေးက စစ်ဆင်ရေးအသစ်တွေ လုပ်ဆောင်လာရင် ဂါဇာမှာ လူသားချင်း စာနာထောက်ထားရေး ပြဿနာ ပိုဆိုးလာလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.