မော်လမြိုင် ဩဂုတ် ၂၃

မွန်ပြည်နယ်မှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီလို့ လူသိများတဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လူငယ် ၂၅၀ ကျော်ကို ပါတီဝင် အဆိုပြုလွှာပေးအပ်ခဲ့တယ်လို့ ပါတီဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

လူငယ်ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၂၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးမှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီအခမ်းအနားမှာ လူငယ်ပါတီဝင်သစ် ၂၅၆ ဦးရဲ့ ပါတီဝင်အဆိုပြုလွှာ ၂၅၆ စောင်ကို ပြည်နယ်တွဲဖက် လူငယ်‌ရေးရာတာဝန်ခံ ဦးထိန်လင်းက ပေးအပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်သိင်္ဂီဝင်းရွှေက လက်ခံရယူပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီ ဒေါ်သိင်္ဂီဝင်းရွှေက ရွေးကောက်ပွဲ အောင်နိုင်ရေး၊ လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ လူငယ်ရေးရာ ဆောင်ရွက်ချက်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီဟာ လူငယ်တွေကို ပါတီထဲဝင်ရင် စစ်မှုထမ်းကင်းလွတ်ခွင့် ရမယ်ဆိုပြီး စည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – USDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.