မော်လမြိုင် ၊ ဩဂုတ် ၂၃
လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရပ်တည်ရှင်သန်ရေးအတွက် ဘက်ပေါင်းစုံ အကျပ်ဆိုက်နေတယ်လို့ တိုင်းရင်းသားပါတီတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီအခက်အခဲတွေထဲမှာ မဲဆန္ဒနယ်မြေသတ်မှတ်တာအပါအဝင် ပါတီရန်ပုံငွေ၊ ကိုယ်စားလှယ်လောင်းရရှိရေးနဲ့ သတ်မှတ်ချိန်တွင်း အမည်စာရင်းတင်သွင်းနိုင်ရေး၊ ပါတီဝင်ဦးရေ ပြည့်မီရေးနဲ့ ပါတီရုံးခန်းဖွင့်လှစ်နိုင်ရေး စတာတွေ ပါဝင်ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ မကျင်းပမီ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေနဲ့ ပါတီရုံးခန်းတွေ မဖွင့်လှစ်နိုင်ရင် ပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၂ အရ အရေးယူမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၀ ရက်နေ့မှာ အသိပေးထားတာပါ။
ဒါကြောင့် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခြင်း မခံရဖို့ ပါတီဝင်ဦးရေနဲ့ ပါတီရုံးခန်းတွေ သတ် မှတ်အရေအတွက် ပြည့်မီအောင် ဆောင်ရွက်ပြီး ကော်မရှင်ကို လာမယ့် စက်တင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးထား တင်ပြရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ မွန်တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦးက ပါတီရုံးခန်းတွေ အရေအတွက်ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေးအတွက် လုံးပမ်းနေရတယ်လို့ ပြောပါတယ်။
“အခုက ကျွန်တော်တို့က မြို့နယ်နှစ်ခုက ကျွန်တော်တို့ အခက်အခဲဖြစ်နေတယ်။ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး၊ မြဝတီရောပေါ့။ အကုန်လုံးက သွားလာလို့မရတဲ့ နေရာတွေဖြစ်နေတယ်။ ကျွန် တော်တို့က အဲဒီအတွက် ကြိုးစားနေတာပေါ့။ ပါတီရုံးခန်းတွေ တွဲပြီး ဖွင့်ရမလား ဒါမှမဟုတ်လည်း ပါတီရုံးကို (သက်ဆိုင်ရာ) မြို့နယ်အတွင်းမှာပဲ ဖွင့်ရမလားဆိုတဲ့ဟာတော့ ဒီတစ်ရက်နှစ်ရက် ကျွန် တော်တို့ အဲဒီဟာ လုံးပမ်းနေတာ။ အဲဒီရုံးခန်း ၅ ခု မဖွင့်ဖြစ်နိုင်တော့ ကျွန်တော်တို့ ပုဒ်မ ၁၂ နဲ့ ညိသွားမှာပေါ့”လို့ ဆိုပါတယ်။
ပါတီဝင်ဦးရေအနေနဲ့ သတ်မှတ်ထားတဲ့ အရေအတွက်ထက်ကျော်လွန်ပြီး ရွေးကောက်ပွဲကော်မရှင်ဘက်ကနေ ပြန်လည်စိစစ်ရမယ့်သူ ၁၀၀ ကျော်ကျလာတဲ့အတွက် ၁၂၀၀ ကျော်လောက် ပါတီဝင်ဦးရေ ကျန်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတဝန်းစည်းရုံးမယ့် ပါတီဖြစ်ရင် ပါတီ ဝင်ဦးရေ အနည်းဆုံး ၅၀,၀၀၀ ရှိရမှာဖြစ်ပြီး မြို့နယ်အားလုံးရဲ့ အနည်းဆုံး သုံးပုံတစ်ပုံမှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာပါ။
တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် ပါတီဆိုရင် ပါတီဝင်ဦးရေ အ နည်းဆုံး ၁,၀၀၀ ရှိရမှာဖြစ်ပြီး မြို့နယ်အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားပါတယ်။
မွန်ပြည်နယ်အတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ မွန်ညီညွတ်ရေးပါတီကတော့ သတ်မှတ်ထားတဲ့ ပါတီဝင်အင်အားနဲ့ ပါတီရုံးခန်းဖွင့်လှစ်နိုင်ရေးကိုတော့ ပြည့်မီအောင် ပြင်ဆင်ထားပြီးလို့ ပြောပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ရက်သတ္တပတ် ၂ ပတ်ကျော်လောက်သာ ကျန်ရှိတဲ့အတွက် အဲဒီ အခက်အခဲတွေ ကျော်ဖြတ်နိုင်အောင် ကြိုးစားနေတုန်းပဲလို့ ပါတီရဲ့ ပြော ရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ဆက်ပြောပါတယ်။
“အခုက ရက်ကတော့ သိပ်မကျန်တော့ဘူးပေါ့နော် ကိုယ်စားလှယ်လောင်းအမည်တင်သွင်းဖို့က ဆိုတော့ အခုလည်း ကျွန်တော်တို့က ကိုယ်စားလှယ်လောင်းတွေကို ဆင့်ခေါ်နေတုန်းပေါ့။ နောက်ပြီးတော့ သတ်မှတ်တဲ့ အရည်အချင်းကိုလည်း ရွေးထားနေတုန်းဆိုတော့ ဒီတစ်ရက်နှစ်ရက်လား ကျွန် တော်တို့ အစည်းအဝေးထိုင်ပြီးတော့ အဲဒါကိုပြန်ပြီး အတည်ပြုမှာပေါ့။ ဒါကတော့ ဘယ်လိုပြောရမလဲ ကျွန်တော်တို့ ဆီမှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။အဲဒါကိုလည်း ကျွန်တော်တို့ (ကျော်ဖြတ်နိုင်အောင်) ကြိုးစားနေတုန်းပဲပေါ့”လို့ ဆိုပါတယ်။
စစ်ကော်မရှင်ကနေ ဦးဆောင်တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ၁၀၂ မြို့နယ်မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး ကျန်အပိုင်းတွေကိုတော့ လောဆယ်မှာ မကြေညာရသေးပါဘူး။
တစ်ဘက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် ကိုယ်စား လှယ် လောင်းအမည်စာရင်း စတင်တင်သွင်းရမယ့်နေ့ကို လာမယ့် စက်တင်ဘာ ၈ ရက်နေ့အဖြစ် သတ်မှတ်ထားတာပါ။
ဒါ့အပြင် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွေကို ရုတ်သိမ်းလိုရင် စက်တင်ဘာ ၁၂ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းနိုင်ပြီး စိစစ်မယ့်နေ့ရက်ကိုတော့ စက်တင်ဘာ ၁၈ ရက်ကနေ အောက်တိုဘာ ၄ ရက်နေ့အထိ သတ်မှတ်ထားတာ တွေ့ရပါတယ်။
ဒီအပေါ် ပါတီတချို့ကတော့ ရွေးကောက်ပွဲကျင်းပမယ့် ကျန်အပိုင်းတွေမှာ မြို့နယ်နဲ့ နေ့ရက်သတ်မှတ်ချက်တွေကို ကော်မရှင်ဘက်က မကြေညာရသေးတဲ့အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရေးမှာ ပါတီရှင်သန်ရေးကိုပဲ ဦးစားပေးနေရတယ်လို့ ဆိုကြပါတယ်။
မွန်တိုးတက်ရေးပါတီခေါင်းဆောင်ကတော့ လွှတ်တော်ဘယ်နှရပ်မှာ ဘယ်နှနေရာ ဝင်ပြိုင်ရမယ်ဆိုတဲ့ သေချာရှင်းလင်းတဲ့အဖြေ ရွေးကောက်ပွဲကော်မရှင်ဆီက မရသေးတာကြောင့် မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။
“လောလောဆယ် ပါတီရှင်သန်ရေးအတွက်က အနည်းဆုံး ကျွန်တော်တို့ ဘယ်လောက် ဝင်ပြိုင်မှာဖြစ်မှာလဲဆိုတာ UEC က ကျွန်တော်တို့ကို အဖြေမပေးသေးဘူး။ ကျွန်တော်တို့လည်း မရှင်းလင်းသေးဘူး ဒီထုတ်ထားတဲ့ ဥပဒေ၊ အဲဒီမှာ လွှတ်တော်တစ်ရပ်ကို ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ တစ်ချက်ပါတယ်။ လွှတ်တော်တစ်ရပ်ဆိုတဲ့ဟာမှာ ပြည်နယ်တစ်ခုထဲကို စဉ်းစားရင်တောင်မှ ၇ မြို့နယ်ရှိတဲ့အတွက် ၁၄ ယောက်လိုတယ်။ဒါတောင် အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် မပါသေးဘူး။ အဲဒီဒါကို ဆိုလိုတာလား မြို့နယ်တစ်ခုကို လွှတ်တော်တစ်ရပ်လို့ ဆိုလိုသလားပေါ့ သို့တည်းမဟုတ် တိုင်း ရင်းသားရေးရာမှာ တစ်ယောက်တည်းနဲ့လည်း လွှတ်တော်တစ်ရပ်လို့ ဆိုလိုသလားပေါ့။အဲဒါ ကျွန်တော်တို့ မရှင်းလင်းသေးတဲ့အတွက် UEC ကို လှမ်းမေးထားတာ ရှိတယ်”လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတဝန်းစည်းရုံးမယ့် ပါတီဆိုရင် လွှတ် တော်အားလုံးရဲ့ မဲဆန္ဒနယ်ထက်ဝက်မှာ ဝင်ပြိုင်ရမှာဖြစ်သလို တိုင်းဒေသကြီး ဒါမှမဟုတ် ပြည် နယ်တစ်ခုအတွင်း စည်းရုံးမယ့် ပါတီဆိုရင် အနည်းဆုံး မဲဆန္ဒနယ်တစ်နယ်မှာ ဝင်ပြိုင်ရမှာပါ။
တကယ်လို့ မိမိပါတီက ဥပဒေပါ ပြဌာန်းချက်အတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူးဆိုရင် နိုင်ငံရေးပါတီအဖြစ်ကနေ ဆက်လက်ရပ်ပိုင်ခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်ကလွဲရင် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေကို မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ပေါင်းစပ်ကျင့်သုံးဖို့ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media