ကော့ကရိတ်၊ သြဂုတ် ၂၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးနဲ့ ကျုံဒိုး-နဘူးလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဩဂုတ် ၂၀ ရက်နေ့က ကော့ကရိတ်မြို့ အာရှလမ်းမကြီးအနီး တတန်ကူးကျေးရွာဘက်မှာ စစ်ရေးလှုပ်ရှားလာနေတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ပြီး ပြန်ဆုတ်ခွာသွားခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် ကျုံဒိုး-နဘူးလမ်းမှာလည်း ဩဂုတ် ၂၁ ရက်နေ့ နေ့လည်ပိုင်းကစပြီး စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ် စစ်ကြောင်းတစ်ကြောင်း ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်က ကျုံဒိုး-နဘူးလမ်းမှာ စစ်ကြောင်းထိုးလာစဉ် ကျေးရွာတွေထဲကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံတွေအများအပြား ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကျုံဒိုး-ကော့ကရိတ်လမ်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးတဲ့နောက် စစ်ကော်မရှင်တပ်က ကျုံဒိုး-နဘူးလမ်းနဲ့ အာရှလမ်းမကြီးကို သိမ်းယူနိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အခုလ ဩ ဂုတ်လပိုင်းမှစကာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ အပြင်းအထန်ဖြစ်ပွားနေတာပါ။

ဒါ့အပြင် KNU တပ်မဟာ ၆ နယ်မြေ ထိုင်းနယ်စပ် ဝေါ်လေမြို့အနီးမှာရှိတဲ့ စစ်ကော်မရှင်တပ်ဗျူဟာကိုလည်း တော်လှန်ရေးတပ်ပေါင်းစုတွေက ဆက်လက်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီး ဗျူ ဟာမကျရေးအတွက် စစ်တပ်က ဒရုန်း၊ လေကြောင်းတွေနဲ့ ခုခံတိုက်ခိုက်နေလျက်ရှိနေတယ်လို့ သိရပါတယ်။

ကော့ကရိတ် အာရှလမ်းမကြီး၊ ကျုံဒိုး-နဘူးလမ်းနဲ့ ဝေါ်လေမြို့တွေမှာ စစ်ရေးပြင်းထန်နေတဲ့အချိန် စစ်တပ်က မြဝတီမြို့ကို ပို့ဆောင်မယ့် လောင်စာဆီတွေကို အခုလကတည်းက စတင်ဖြတ်တောက်ပိတ်ဆို့လိုက်သလို ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကိုလည်း သြဂုတ် ၁၈ ရက်နေ့ကစပြီး အကြောင်းပြချက်မပေးဘဲ ပိတ်ပစ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.