မော်လမြိုင်၊ ဩဂုတ် ၂၂
နိုင်ငံတစ်ဝန်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ စစ်ကော်မရှင်တပ်ရဲ့ ဗိုလ်မှူးနှစ်ဦး တပ်သားနဲ့ရဲ စုစုပေါင်း ၄၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ ၇ လအတွင်း နိုင်ငံတစ်ဝန်းရှိ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထံကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်စုစုပေါင်း ၄၀၉ ဦး အလင်းဝင်ခဲ့တာပါ။
ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့သူတွေထဲမှာ ၁၇၉ ဦးဟာ လက်နက်ခဲယမ်း ယူဆောင်လာတာကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ စစ်ကော်မရှင်တပ်က ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၆ ဦး၊ ဗိုလ်တစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေဟာ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်မှုထမ်းတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople နဲ့ နီးစပ်ရာ PDF တပ်ရင်းတပ်ဖွဲ့တွေကို ချိတ်ဆက်ကာ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG