မော်လမြိုင် ၊ ဩဂုတ် ၂၂
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က နိုင်ငံတွင်းမှာ ပထမဦးဆုံးအဖြစ် အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်လို့ ကြေညာပါတယ်။
အပိုင်း ၁ အဖြစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို တိုင်းနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ၁၀၂ မြို့နယ်မှာ စတင်ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ဒါကြောင့် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ကို မဲဆန္ဒနယ်မြေတွေအဖြစ် သတ်မှတ်ထားတဲ့အ တွက် အပိုင်းလိုက် ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပျှမ်းမျှအနေနဲ့ အပိုင်းသုံးပိုင်းခွဲပြီး ပြုလုပ်နိုင်တယ်လို့ နားလည်ရပါတယ်။
ဒါပေမယ့် မြို့ပေါင်း ၉၀ ကျော်ကို စစ်တပ်က လက်လွှတ်ထားရသလို အဲဒီမြို့တွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း သူတို့နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပခွင့်မပြုဘူးလို့ ထုတ်ပြောထားကြတာပါ။
မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေက တချို့ဒေသမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် နှစ်ပိုင်းလောက်ဖြစ်ဖို့ များတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အပိုင်းကတော့ အခု ၁၀၂ မြို့နယ်ဆိုတော့ ၃၃၀ ကို အကုန်လုံးလုပ်မယ်ဆိုရင် သုံးပိုင်းလောက်ပဲဖြစ်မယ်။ တကယ်လို့ တချို့ဒေသထဲမှာ မလုပ်နိုင်ဘူးဆိုလို့ရှိရင် နှစ်ပိုင်းလောက်ပဲ ဖြစ်ဖို့များတာ ပေါ့၊ အလွန်ဆုံးကတော့ သုံးပိုင်းပေါ့၊ ကျွန်တော်တို့ အဲဒီလိုပဲ ခန့်မှန်းရမှာပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာ လက်လွှတ်နယ်မြေတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားတဲ့ နယ်မြေတွေအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး ကြည်းရေလေ ပေါင်းစပ်အားနဲ့ ထိုးစစ်ဆင်နေတာပါ။ဒါ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက် သေဆုံးတာတွေလည်း ရှိနေပြန်ပါတယ်။
အာဏာသုံးရပ်ကို ရရှိထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကတော့ အပိုင်းလိုက်ရွေးကောက်ပွဲတွေ ကျင်းပပြီး ရလဒ်တွေ ထုတ်ပြန်ပြီးမှသာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၃ ပါ ပြဌာန်းချက်နဲ့အညီ လွှတ်တော်ခေါ်ယူမယ်လို့ ဆိုပါတယ်။
အဲဒီပုဒ်မ ၁၂၃ အရ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းတစ်ရပ် စတင်တဲ့ ပထမအကြိမ် ပုံမှန်အစည်း အဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတဲ့ နေ့ရက်ကနေ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမယ်လို့ ဖော်ပြထားတာပါ။
ဒါကြောင့် အပိုင်း ၁ အဖြစ် အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်လို့ ကျန်အပိုင်းတွေကိုလည်း ၂၀၂၆ ခုနှစ် မတ်လနှောင်းပိုင်း မတိုင်ခင်အထိ နောက်ဆုံးထား ကျင်းပနိုင်တယ်လို့ နားလည်ရပါတယ်။
ဒါပေမယ့် အပိုင်းလိုက်ရွေးကောက်ပွဲဟာ အပိုင်းတစ်ခုနဲ့ တစ်ခုကြား အချိန်ကာလဘယ်လောက် ခြားပြီး ဘယ်နှပိုင်း ကျင်းပပြုလုပ်သွားမယ်ဆိုတာကိုတော့ လောဆယ်မှာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မထုတ်ပြန်ရသေးပါဘူး။
မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးကတော့ တကယ်လို့ ရွေးကောက်ပွဲကို ဒီဇင်ဘာနဲ့ ဇန်န ဝါရီထဲ နှစ်ပိုင်းကျင်းပဖြစ်ရင် မဲရလဒ်ကိုလည်း အားလုံးပေါင်းပြီးမှ ကိုယ်စားလှယ်လောင်း ကြေ ညာတာဖြစ်လို့ ပထမပိုင်းအတွက် အဖြေမသိနိုင်ဘူးလို့ ပြောပါတယ်။
“ဒီဇင်ဘာထဲမှာ ပထမပိုင်းကို ကျင်းပရမယ်၊ ဒုတိယပိုင်းကိုကျတော့ ဇန်နဝါရီလထဲမှာ ကျင်းပရမှာပေါ့။ ဒီကြားထဲမှာတော့ ရက် ၂၀ လောက်ကြာမလား ဘယ်လောက် ကြာမလဲဆိုတာ မသိသေးဘူးပေါ့လေ။ ဒါပေမယ့် အဲဒီဟာတွေ ကြာပြီးမှ စောစောက သူ (UEC) ပြောထားသလို ဟိုတုန်းကအပိုင်း (အပိုင်း ၁) ကျင်းပပြီး ကျွန်တော်တို့ အဖြေမသိနိုင်ဘူး၊ မဲလည်း မသိနိုင်ဘူး။ ပြီးရင် ဒုတိယပိုင်းကျင်းပပြီးမှသာလျှင် အဲဒီနှစ်ပိုင်းပေါင်းပြီး PR ပါတဲ့အတွက်ကြောင့်မို့လို့ အဲဒါပြီးတော့မှ ကိုယ် စားလှယ်လောင်းကြေညာမယ်၊ ကြေညာပြီးမှ လွှတ်တော်ခေါ်ရမယ်ဆိုတဲ့အပိုင်းရှိတာပေါ့” လို့ ဆိုပါတယ်။
အပိုင်း ၁ မှာ ရွေးကောက်ပွဲစတင်ကျင်းပမယ့် မြို့နယ်တွေကို ကြည့်လိုက်ရင် စစ်ကော်မရှင်ရဲ့ အုပ် ချုပ်ရေးယန္တရား အပြည့်အဝတည်ရှိတဲ့ မြို့နယ်တွေကို ဦးစားပေးထားပြီး တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားတဲ့ မြို့နယ်တချို့လည်း ပါဝင်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်က အာရက္ခတပ်တော် AA ထိန်းချုပ်ဖို့ ကျန်ရှိနေတဲ့ မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ ဖြစ်ပါတယ်။ အဲဒီထဲက ကျောက်ဖြူမြို့နယ်ဟာ တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုစီမံကိန်းတွေ အများအပြားရှိသလို နှစ်ဘက် စစ်ရေးတင်းမာနေတာပါ။
ဒါ့အပြင် ရှမ်းမြောက်က တရုတ်အကူအညီနဲ့ ကိုးကန့်တပ် MNDAA လက်ထဲကနေ ပြန်လည်ရယူနိုင်ခဲ့တဲ့ လားရှိုးမြို့နယ်နဲ့ စစ်ရေးအရ တအာင်းတပ် TNLA ရဲ့ ထိန်းချုပ်မှုကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ နောင်ချိုမြို့နယ်ကိုလည်း ရွေးကောက်ပွဲ အပိုင်း ၁ မှာ ထည့်သွင်းထားတာပါ။
မွန်ပြည်နယ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ထိန်းချုပ်လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ကျိုက်ထိုနဲ့ သထုံမြို့နယ်တို့ ပါဝင်သလို မွန်ပြည်သစ်ပါတီ AD ရဲ့ စစ်ရေးအရ လှုပ်ရှားနေတဲ့ ကျိုက်မရောမြို့နယ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားအပြည့် လည်ပတ်နေတဲ့ မြို့ တော် မော်လမြိုင်နဲ့ လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားမှု လုံးဝ မရှိတဲ့ ချောင်းဆုံမြို့နယ်ကိုလည်း ရွေးကောက်ပွဲ အပိုင်း ၁ မှာ ဦးစားပေး ထည့်သွင်းထားတာပါ။
မွန်ပြည်သစ်ပါတီ AD အနေနဲ့ စစ်အာဏာရှင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့နဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်စေဖို့ လုပ်ဆောင်မှာဖြစ်တဲ့အတွက် ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားတာပါ။
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကလည်း ရွေးကောက်ပွဲမဖြစ် မြောက်ဖို့ ကရင်တစ်မျိုးသားလုံးရဲ့ တာဝန်အနေနဲ့ မှတ်ယူပြီး ကျရာကဏ္ဍကနေ နည်းလမ်းအသွယ် သွယ်နဲ့ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI