ကိဗ်၊ သြဂုတ် ၂၂
တိုက်ခိုက်မှုတွေ ရပ်တန့်သွားတာနဲ့တပြိုင်နက် ရုရှားနဲ့ အနာဂတ် တိုက်ခိုက်မှုတွေကို တားဆီးရေး ယူကရိန်းအတွက် မဟာမိတ်တွေက လုံခြုံရေး အာမခံချက်ပေးဖို့ သဘောတူမှပဲ ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
သြဂုတ် ၂၁ ရက်က ပြောကြားရာမှာ သမ္မတ ဇီလန်စကီးက နောက်ထပ် တိုက်ခိုက်ဖို့ နှစ်ဖက်စလုံးက ကြိုတင် ပြင်ဆင်နေကြတယ်လို့ သတိပေးထားပါတယ်။

ရုရှားက တောင်ဖက် ရှေ့တန်းမျက်နှာစာမှာ စစ်သည်အင်အား ဖြည့်တင်းထားပြီး ယူကရိန်းကလည်း တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အသစ်တွေကို စမ်းသပ်နေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းအနေနဲ့ ရေရှည် ငြိမ်းချမ်းရေးကို စိတ်ဝင်စားပုံ မပေါ်ဘူးလို့ ရုရှားက သြဂုတ် ၂၁ ရက်မှာ ပြောထားပါတယ်။
မော်စကိုရဲ့ တောင်းဆိုမှုတွေနဲ့ လုံးဝ ကိုက်ညီမှု မရှိတဲ့လုံခြုံရေး အာမခံချက် ရရှိဖို့ ကိဗ်က ကြိုးပမ်းနေတယ်လို့ ရုရှားက စွပ်စွဲထားတာပါ။

ယူကရိန်းအနေနဲ့ ဒွန်ဘတ်စ်ဒေသကို လက်လွှတ်ပေးရမှာ ဖြစ်ပြီး နေတိုး အဖွဲ့ဝင်လို့ မရသလို အနောက်တိုင်း တပ်ဖွဲ့တွေကိုလည်း လက်မခံရဘူးလို့ ရုရှားက တောင်းဆိုထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇီလန်စကီးကတော့ မိမိတို့အတွက် လုံခြုံရေး အာမခံချက်ကို ၇ ရက်ကနေ ၁၀ ရက်အတွင်း မဟာမိတ်တွေ သဘောတူညီကြဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်တို့ ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံတွေက ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် ပေးရေး ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေကြပါတယ်။
လုံခြုံရေး အာမခံချက် သဘောတူညီပြီဆိုတာနဲ့ အမေရိကန်သမ္မတက ပူတင်နဲ့ မိမိတို့ တွေ့ဆုံတာကို မြင်တွေ့လိုဖွယ်ရှိတယ်လို့ ဇီလန်စကီး က ပြောဆိုထားပါတယ်။
Ref:AFP