ချောင်းဆုံ၊ ဩဂုတ် ၂၂
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ စစ်ကော်မရှင်ခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ရွေးကောက်ပွဲနီးလာချိန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဇူလိုင်လကစပြီး ချောင်းဆုံမြို့နယ်မှာ တစ်ရက်လျှင် အနည်းဆုံး နာရီ ၂၀ အထိ လျှပ်စစ်မီးရရှိနေပြီး တချို့ရက်တွေမှာ ၂၄ နာရီလုံး လျှပ်စစ်မီး ရရှိမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့တွင်းလမ်းပိုင်းတွေနဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းတွေ ပြုပြင်တာ၊ ကတ္တရာခင်းတာ၊ လမ်းတံတားတွေ ပြန်လည်ပြင်ဆင်တာကအစ ပိုမိုပြုလုပ်တာ ဖြစ်ပါတယ်။
တဖက်မှာလည်း ဒေသတွင်း တောင်သူလယ်သမားတွေကို ကူညီထောက်ပံ့တာ၊ ဒေသခံတွေကို စည်းရုံးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အထူးသဖြင့် ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့ကလည်း သံလွင်တံတား(ချောင်းဆုံ)ကိုလည်း မနက် ၆ နာရီကနေ ည ၈ နာရီအထိသာ ဖြတ်သန်းခွင့်ပေးတော့မယ်လို့ ကနဦး အမိန့်ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒေသခံတွေရဲ့ တောင်းဆိုချက်အရ မနက် ၄ နာရီကနေ ည ၁၀ နာရီအထိ ပြန်လည်ဖြတ်သန်းသွားခွင့် ပေးအပ်ခဲ့တာပါ။
ဦးအောင်ကြည်သိန်းအနေနဲ့ သူဇာတိမှာ အခုလိုကောင်းမွန်အောင်လုပ်ပြလာတာက ရွေးကောက်ပွဲနီးလာလို့ ပြည်သူတွေထံကနေ မဲရအောင် ကြိုတင်မဲဆွယ်တဲ့ ပုံစံပြုလုပ်လာတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒါ့အပြင် ဦးအောင်ကြည်သိန်းဟာ စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ကိုယ်စားလှယ်လောင်းအနေနဲ့ ထပ်မံယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI