ဘန်ကောက်၊ သြဂုတ် ၂၂

အငြင်းပွားဖွယ် ဘီလျံနာသူဌေးကြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာအပေါ် စွဲတင်ထားတဲ့ နန်းတော် စော်ကားမှုစွဲချက်ကို ဘန်ကောက်မြို့ရှိ တရားရုံး တစ်ရုံးက ပယ်ချလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က တောင်ကိုရီးယားသတင်းဌာနတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း သက်ဆင် ပြောဆိုခဲ့တဲ့ စကားတွေနဲ့ ပတ်သက်လို့ နန်းတော်ကို စော်ကားမှုနဲ့ အမှုရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ပြစ်မှု ထင်ရှားခဲ့မယ်ဆိုရင် ထောင် ၁၅နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေက နန်းတော်ကို ဘယ်သူမှ စော်ကားလို့ မရဘူးလို့ သတ်မှတ်ထားပြီး အဲဒီစွဲချက်နဲ့ ဘယ်သူက ဘယ်သူ့ကို မဆို တရားစွဲဆိုနိုင်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး ပြိုင်ဖက်တွေကို ပစ်မှတ်ထားဖို့ အဲဒီဥပဒေကို လွှတ်တော် အမတ်တွေက အသုံးချနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ရာထူးက ဆိုင်းငံ့ခံထားရတဲ့ သမီးဖြစ်သူ ဝန်ကြီးချုပ် ပေသွန်ထန်လည်း ရာထူးက ထုတ်ပယ်ခံရနိုင်တဲ့ အမှုနဲ့ ရင်ဆိုင်နေရချိန်မှာ သက်ဆင်အပေါ် ချမှတ်တဲ့ အမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေး လောကကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကြီးစိုးထားခဲ့တဲ့ သက်ဆင်တို့ မိသားစုအတွက် အခုလို အမှုတွေ ရင်ဆိုင်နေရတာက ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ သြဂုတ် ၂၁ ရက်မှာ တရားရုံးက သက်ဆင်ကို တရားသေ လွှတ်ပေးလိုက်တာကြောင့် သူ့မျိုးနွယ်စုနဲ့ ထောက်ခံသူတွေ စိတ်သက်သာရာရသွားခဲ့ပါတယ်။

အခုလို အမှုက ကွင်းလုံးကျွတ် လွတ်မြောက်သွားပြီ ဖြစ်တာကြောင့် နိုင်ငံ အကျိုးစီးပွားအတွက် အလုပ်လုပ်နိုင်တော့မယ်လို့ သက်ဆင်က ပြောပါတယ်။

သက်ဆင်ဟာ ၂၀၁၆ ခုနှစ် စစ်အစိုးရလက်ထက်က ပြည်ပသို့ တိမ်းရှောင်နေချိန်မှာ အဲဒီစွဲချက်နဲ့ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူထိုင်းကို ပြန်ရောက်လာပြီး နောက်ပိုင်း ပြီးခဲ့တဲ့နှစ်က အဲဒီအမှုနဲ့ပဲ ပြန်ပြီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.