တနင်္သာရီ၊ ဩဂုတ် ၂၂
နှစ်ဖက်တိုက်ပွဲနဲ့ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ဇူလိုင်လအတွင်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြောင့် အရပ်သားသေဆုံးမှုနှုန်း စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နှစ်ဖက်စစ်ရေး ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေး လုပ်ငန်းအပါအဝင် စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၄၄ ဦး အထိသေ ဆုံးခဲ့တာပါ။
စစ်ကော်မရှင်တပ်ကြောင့် သေဆုံးသူအများစုမှာ ဥယျာဉ်ခြံနဲ့ ကျေးရွာ၊ ရပ်ကွက်တွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်ဗုံးကြဲမှုတွေကြောင့် သေဆုံးသူ ၃၅ ဦး ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေးကြောင့် သေဆုံးခဲ့သူ ၃ ဦးမှာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ မူးယစ်ဆေးရောင်းပြီး သတင်းပေးဆိုသူတစ်ဦး ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် လက်သည်မပေါ်ဘဲ အသတ်ခံခဲ့ရတဲ့ အရပ်သား ၆ ဦး ရှိတယ်လို့ ဆိုပါတယ်။
အရင်လတွေက တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ကြောင့် အရပ်သားသေဆုံးမှု ၁၀ ဦးဝန်းကျင် ရှိခဲ့ရာမှ ဇူလိုင်လမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်အတွင်း အများဆုံး ဖြစ်ကာ အရင်လတွေထက် စံချိန်တင် မြင့်တက်လာခဲ့တယ်လို့ FE 5 Thanintharyi က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ