ကဘူးလ်၊ သြဂုတ် ၂၀

အီရန်က နှင်ထုတ်လိုက်တဲ့ အာဖဂန်နစ္စတန် နိုင်ငံသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တစ်စီး အာဖဂန်နစ္စတန် အနောက်ပိုင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူ အများစုနဲ့ ကလေး ၁၇ ယောက် အပါအဝင် လူ ၇၃ ဦး သေးဆုံးခဲ့တယ်လို့ တာလီဘန် အရာရှိ တစ်ယောက်က အတည်ပြု ပြောပါတယ်။

ကဘူးလ်မြို့သို့ သွားရောက်မယ့် အဲဒဒီ ဘတ်စ်ကားဟာ ဟီရတ်ပြည်နယ်မှာ ထရပ်ကားတစ်စီး ဆိုင်ကယ် တစ်စီးတို့နဲ့ သြဂုတ် ၁၉ ရက် ညပိုင်းမှာ တိုက်မိပြီး မီးလောင်ကျွမ်းခဲ့တယ်လို့ ပြည်နယ် သတင်းအချက်အလက်နဲ့ ယဉ်ကျေးမှုရေးရာ တာလီဘန် ညွှန်ကြားရေးမှူး အမ်ဒူလာ မိုတာခီက ပြောပါတယ်။

အဲဒီ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူ အားလုံးအပြင် တခြားယာဉ်တွေပေါ်က လူနှစ်ယောက်လည်း သေဆုံးခဲ့ရပါတယ်။

မိခင်နိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ထွက်ပြေးလာပြီး အီရန်မှာ အထောက်အထားမဲ့ နေထိုင်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေကို တီဟီရန်က ပြီးခဲ့တဲ့လပိုင်းအတွင်း အရှိန်မြှင့် နှင်ထုတ်ခဲ့တာပါ။

ဘတ်စ်ကားမောင်းသူဟာ အရှိန်လွန်မောင်းနှင်ပြီး ဂရုမစိုက်ဘဲ မောင်းနှင်တာကြောင့် အခုလို ဖြစ်ရတာ ဖြစ်တယ်လို့ ဟီရတ် ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆယ်စုနှစ်များစွာကြာတဲ့ တိုက်ပွဲတွေကြောင့် လမ်းတွေ ပျက်စီးနေပြီး လမ်းစည်းကမ်း ယာဉ်စည်းကမ်းတွေကိုလည်း အသေအချာ ကြပ်မတ်မှု မရှိတဲ့ အာဖဂန်နစ္စတန်မှာ ယာဉ်မတော်တဆ ဖြစ်မှုတွေက ကြုံတွေ့နေကျ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ဆိုဗီယက်တို့ ကျူးကျော်တိုက်ခိုက်ချိန်မှာ လူတော်တော်များများဟာ အီရန်နဲ့ ပါကစ္စတန်ကို အလုံးအရင်းနဲ့ ထွက်ပြေးသွားခဲ့ပြီး ၁၉၇၀ ပြည်နှစ်တွေက ထွက်ပြေးသူ သန်းနဲ့ချီ ရှိခဲ့ ပါတယ်။

၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာပြန်ရလာပြီးနောက် ထွက်ပြေးသွားသူတွေလည်း အများကြီး ရှိပါတယ်။

အခုလို နှင်ထုတ်ခံရတာက အီရန်မှာ အာဖဂန်နစ္စတန် ဆန့်ကျင်ရေး သဘောထားတွေ ပိုဆိုးလာနေပြီး အဲဒီ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.