သရက်ချောင်း၊ ဩဂုတ် ၂၀
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သြဂုတ် ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ကစလို့ စော်ဖျားကျေးရွာအနီးမှာ အာဏာသိမ်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲကြောင့် စော်ဖျား၊ မိုးရွေကုန်း၊ ကင်းရှေ့နဲ့ ကျောက်လှေကားကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီတိုက်ပွဲဟာ ညနေ ၃ နာရီအချိန်ထိ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးပါဘူး။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ပထမအပတ်ကစလို့ သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာအနီး တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံနေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ