ဒီးမော့ဆို ၊ ဩဂုတ် ၂၁

လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ အပိုင်းလိုက် ရွေးကောက်ပွဲကျင်းပနိုင်ရေး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်တပ်က တန်ပြန်ထိုးစစ်နဲ့ အရှိန်မြှင့်ကြိုးပမ်းလာနေပါတယ်။

ကရင်နီတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ ကယားပြည်နယ်က ဒီးမော့ဆိုမြို့ကို ဩဂုတ် ၁၉ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေမှာ အသိပေးထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုဒေသ အနီးတဝိုက်ကို အင်အားအလုံးအရင်းနဲ့ ဩဂုတ် ၄ ရက်နေ့မှာ စစ်တပ်က စစ် ကြောင်းထိုးပြီး တိုက်ခိုက်မှုတွေ အဆင့်ဆင့် ပြုလုပ်ခဲ့ရာမှာ မြို့နယ်ရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့‌ဆေးရုံ၊ ထွေအုပ်ရုံး စတာတွေကို ဩဂုတ် ၁၅ ရက်နေ့မှာ ပြန်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၉ ရက်နေ့မှာတော့ ဒီးမော့ဆိုမြို့တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေးကာလ ၁၆ ရက်အတွင်း တိုက်ပွဲကြီးငယ် ၂၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။ လွိုင်ကော်နဲ့ဒီးမော့ဆိုမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကိုလည်း အပြီးတိုင်ရှင်းလင်းခဲ့ပြီး မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဆုတ်ခွာပေးလိုက်ရတာရှိပေမယ့် စစ်တပ်အနေနဲ့ ဒီးမော့ဆိုမြို့ကို အလုံးစုံ မထိန်းချုပ်နိုင်သေးဘူးလို့ ပြောဆိုထားကြောင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

စစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ဒီးမော့ဆိုမြို့ထဲမှာ ကျန်ရှိနေတဲ့ တပ်ရင်းတွေနဲ့ စစ်တပ်က ပြန်လည်ဝင်ရောက်လာနိုင်ပေမယ့် နဂိုအနေအထားကနေ နည်းနည်းတိုးပြီး ရလာတဲ့အခြေအနေလို့ ပြောပါတယ်။

“နယ်မြေခံ တပ်သုံးတပ်ကို (အမတ ၃၆၀ အပါအဝင်) အခြေခံပြီးတော့ (စစ်တပ်က) ပြန်လည်ထိုးဖောက်လာတာပေါ့။အခုလည်း ဒီးမော့ဆိုမြို့ထဲကို ပြန်လည်ဝင်ရောက်လာတာတော့ မှန်တယ်။ဒါပေမယ့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာဆိုရင် စစ်ဘေးရှောင်တွေရော ကရင်နီအင်အားစုတွေရော ပူး‌ပေါင်းအဖွဲ့တွေရော အားလုံး ရှိနေပါတယ်။အဲဒီ‌တော့ ဒီးမော့ဆိုမြို့နယ်ဆို သူတဝက် ကိုယ်တဝက်ပဲ။နဂိုအနေအထားကနေ နည်းနည်းလေး တိုးပြီးရလာတဲ့ အနေအထားမျိုးလို့ပဲ ပြောရင် မှန်ပါတယ်ခင်ဗျ”လို့ ဆိုပုါတယ်။

ဒီးမော့ဆိုမြို့နယ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကရင်နီတပ်ပေါင်းစုတွေက မြို့နယ်ရဲ့ နေရာအများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခြေလျင်တပ်ရင်း ခလရ ၁၀၂ နဲ့ ခြေမြန်တပ်ရင်း ခမရ ၄၂၇ ကိုတော့ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ ကရင်နီတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့အပါအဝင် ရှမ်းမြောက်က တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ မန္တလေးတိုင်းက သပိတ်ကျင်းမြို့တို့ကို တန်ပြန်ထိုးစစ်နဲ့ ပြန်လည်သိမ်းပိုက်ရရှိခဲ့တာပါ။

လက်ရှိမှာလည်း တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ကျောက်မဲနဲ့ သီပေါမြို့တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို ကချင်ပြည်နယ်က ဗန်းမော်နဲ့ ဖားကန့်မြို့တို့ကိုလည်း စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် KIA တပ်နဲ့ စစ်ရေးတင်းမာနေပါတယ်။

ဗန်းမော်မြို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်တွေနဲ့ တပ်စခန်းအများစုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဩဂုတ်လမှာတော့ အမှတ် ၃၆၆ အမြောက်တပ်နဲ့ လေယာဉ်ကွင်းနေရာအချို့ကို စစ်တပ်က ပြန်လည်ရယူနိုင်ခဲ့ပြီး မြို့မှာရှိတဲ့ ကျန်နေရာတွေကိုလည်း ရေကြောင်း၊လေကြောင်း ပစ်ကူတွေနဲ့အတူ တိုက်ခိုက်နေတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်တပ်ဘက်က တန်ပြန်ထိုးစစ်တွေ လုပ်လာနိုင်တာဟာ လက်နက်ခဲယမ်းနဲ့ ပြည်သူ့စစ်မှုထမ်းကနေ အသေခံတပ်ဖွဲ့ဝင်တွေကို ရရှိထားတဲ့အတွက် အလေးသာနေတာလို့ ပြောပါတယ်။

“ရေရှည်စစ်ပွဲသွားတာဖြစ်တဲ့အတွက် လက်နက်ခဲယမ်းပေါ့။ ပြီးရင် တပ်ဖွဲ့ဝင် မြေပြင်မှာ တိုက်တဲ့ တိုက်စွမ်းအားပေါ့။ တိုက်စွမ်းအားမှာ သူတို့တွေ ဗုံးတွေကြဲတယ် ဒရုန်းတွေနဲ့ ပစ်တယ်။ ပြီးမှ ကျွန် တော်တို့ တော်လှန်ရေးအင်အားစုတွေ လုံးဝ မယှဉ်နိုင်တဲ့အချက်က သူတို့မှာ အသေခံတပ်သားတွေရသွားတယ်။ ဒီလူတွေ သေလည်း ဂရုစိုက်စရာမလိုဘူး၊ တစ်လ ၅၀၀၀ နဲ့ တစ်နှစ်မှာ ၇၀၀၀၀ ကနေ တစ်သိန်းကြား ပြန်ရလာနိုင်စရာရှိတယ်။ကျွန်တော်တို့ တော်လှန်ရေးအင်အားစုမှာကြတော့ အသေ ခံတပ်သားကို သူတို့ဘက်က ၁၀ ယောက် ကိုယ့်ဘက်က တစ်ယောက်နဲ့ ဘယ်လိုမှ မလဲနိုင်တဲ့ အနေအထားကို သွားတွေ့ရတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာ တော်လှန်ရေးအင်အားစုတွေ အလုံးစုံထိန်းချုပ်ထားတဲ့ မြို့တွေအများဆုံးပါဝင်တဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ‌ရေးကောင်စီက စစ်တပ်ကို အပ်နှင်းထားတာပါ။

ရည်ရွယ်ချက်ကတော့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းရေးနဲ့ နယ်မြေဒေသတည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ အကြောင်းပြထားပြီး ရက်ပေါင်း ၉၀ အထိ အကြုံးဝင်ပါတယ်။

ဒါ့အပြင် အပိုင်းလိုက်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ကို သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်မြေတွေအဖြစ် စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတာပါ။

စစ်ရေးလေ့လာသူတွေကတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၀ ကျော်ကို ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်တွေနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးတွေနဲ့ နီးစပ်တဲ့ မြို့တွေမှာ စတင်ပြုလုပ်သွားမယ်လို့ ဩဂုတ် ၁၉ ရက်နေ့က ချောက်မြို့အတွင်းရှိ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံပွဲမှာ ထုတ်ပြောထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ KIA ၊ AA ၊ KNPP ၊KNU အပါအဝင် တော်လှန်ရေးအင်အားစုတွေက လက်မခံကြောင်း ပြောဆိုထားမှုအပေါ် NUG အနေနဲ့ တစ်သားတည်း ရပ်တည်တယ်လို့ ဆိုပါတယ်။

စစ်တပ်က တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဟန်ပြပြုလုပ်ပြီး သူတို့ရဲ့ အာဏာတည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးအတွက် ကြိုးပမ်းနေတာလို့ ထောက်ပြပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအားလုံးအနေနဲ့ စုစည်းညီညွတ်စွာနဲ့ ပြည်သူနဲ့အတူ ရပ်တည်ရင်း အဲဒီထောက်ချောက်ကို ဆန့်ကျင်ကျော်လွှားကြဖို့ ဩဂုတ် ၂၀ ရက်နေ့မှာ ထုတ်လွှင့်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.