ရေး၊ ဩဂုတ် ၂၁

မွန်ပြည်နယ် ရေးမြို့နယ် အောင်သပြေကျေးရွာအနီး ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ် စစ် ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ သြဂုတ် ၂၀ ရက်နေ့ မနက်ပိုင်းကစလို့ အောင်သပြေကျေးရွာအနီးကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်ဦးမှုရယူနိုင်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ အောင်သပြေကျေးရွာထဲ ပြန်ဆုတ်သွားပြီး အင်အားထပ်မံဖြည့်ပြီး စစ်ကြောင်းထပ်ထိုးမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းဝင်ရောက်လာကြောင့် အောင်သပြေနဲ့ဘေးလမိုင်းကျေးရွာက အမျိုးသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးကြရပြီး အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ကျေးရွာထဲမှာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးဒေသကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေစိုးမိုးရေးအတွက် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကော်မရှင်တပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.