မော်လမြိုင် ၊ ဩဂုတ် ၂၀
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးနီးပါးမှာ အာဏာသိမ်း စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင် ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် အကြီးအကျယ် ပြင် ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် မြို့နယ်အားလုံးနီးပါးမှာ မြန်မာအီလက်ထရောနစ် မဲပေးစက်တွေကို လက်တွေ့ စမ်းသပ် ပြသတာ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ ဖွဲ့စည်းတာအပြင် လုံခြုံရေးပိုင်း ဆိုင်ရာတွေကအစ ပြင်ဆင်မှုတွေ ပြုလုပ်လာတာပါ။
ဒါ့အပြင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေအဖြစ် ဩဂုတ် ၁၅ ရက်နေ့မှာ ကြေညာထားပါတယ်။
မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင်နေပြီး သင်တန်းပေးတာ၊ လုံခြုံရေးအင်အားတိုးချဲ့တာအပြင် ရပ်ကျေးကော်မရှင်ဖွဲ့ဖို့ကအစ လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။
“ဒီမှာ အခုလောလောဆယ် ပြင်ဆင်မှုတွေကတော့ သူတို့ တစ်ခုပြီး တစ်ခု လုပ်နေတယ်။ရွေး ကောက်ပွဲအတွက် သင်တန်းအတွက် လိုက်ခေါ်တယ်။ လူစည်းရုံးနေတယ်။ နောက်ပြီးတော့ ဒီမဲရုံတွေမှာ စောင့်ကြပ်ဖို့ကတော့ အခု အပြာရောင်ဝတ်စုံတွေနဲ့ အဖွဲ့တွေ အင်အား တိုးချဲ့နေတယ်။ ရုံးတွေ အားလုံးကို လုံခြုံရေး တိုးချဲ့တယ်။ နောက်သူတို့ ရပ်ကျေး ကော်မရှင်ဖွဲ့ဖို့ အစီအစဉ် လုံးဝ ဆွဲနေပြီးပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်းမှာလည်း စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင် ကူညီပေးဖို့ နှိုးဆော်တာတွေ ရှိသလို ရွေးကောက်ပွဲကို နှောက်ယှက်ရင် ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေကတော့ စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင် နေပေမယ့် ပါတီအတွက် ကိုယ်စားလှယ် ရွေးချယ်တာ၊ မဲရေတွက် စနစ်တွေမှာ စိန်ခေါ်မှုတွေရှိတဲ့အပြင် လုံခြုံရေးနဲ့ ရန်ပုံငွေကအစ အခက်အခဲ ပေါင်းစုံ ရှိနေတယ်လို့ ပြောပါတယ်။
“အခက်အခဲ စိန်ခေါ်မှုတွေတော့ အများကြီး ရှိနိုင်တာပေါ့နော်။ နံပါတ် ၁ အချက်က ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့ နေရာမှာ အခက်အခဲ ရှိတယ်။ နံပါတ်၂ အ ချက်ကတော့ မဲရေတွက်တဲ့ စနစ်ပေါ်မှာ မူတည်ပြီးတော့လည်း စိန်ခေါ်မှုတွေ ရှိတယ်။ နောက်ပြီးတော့ လုံခြုံရေးလည်း ပါသလို ပါတီရဲ့ ရန်ပုံငွေပေါ့နော်။ အဲဒါတော့ အခက်အခဲတွေတော့ ပေါင်းစုံပါပဲနော်”လို့ ဆိုပါတယ်။
ဒေသတွင်း တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့နဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို မပူးပေါင်းဖို့ တိုက်တွန်းထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က မြို့နယ် ၁၀ မြို့နယ်လုံးကို မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာတော့ ရွေးကောက်ပွဲကို အပြည့်အဝ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI