မော်လမြိုင်၊ ဩဂုတ် ၂၁

မွန်နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီအနေနဲ့ စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအတွင်း နိုင်နိုင်ခြေရှိတဲ့ မြို့နယ်တွေမှာသာ ရွေးကောက်ပွဲ ဝင်ပြိုင်သွားမယ်လို့ ပါတီ ပြောခွင့်ရ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေအဖြစ် ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်အခြေစိုက် မွန်နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကတော့ မဲဆန္ဒနယ်မြေ ၁၀ ခုလုံးမှာ ရွေးကောက်ပွဲ ဝင်သွားမှာ မဟုတ်ဘဲ နိုင်နိုင်ခြေရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာသာ ရွေးကောက်ပွဲ ဝင်ပြိုင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလာတာပါ။

အာဏာသိမ် စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ ဝင်ပြိုင်ရတာဟာ ပါတီဆက်လက်ရှင်သန်ရေးအတွက် ဖြစ်တယ်လို့ ပါတီ ပြောခွင့်ရ နိုင်သန်းရွှေက ပြောပါတယ်။

“ကျွန်တော်တို့က နိုင်နိုင်ခြေရှိတဲ့ နေရာကိုပဲ ဝင်ပြိုင်ဖို့တော့ ရှိတာပေါ့။ဘယ်လိုဝင်မလဲ ဘယ်နေရာ နိုင်ခြေဆိုတော့ စဉ်စားနေတုန်းပေါ့နော်။အဓိကကတော့ ပါတီ ဆက်လက် ရှင်သန်ဖို့ အတွက်ပေါ့နော်” လို့ ဆိုပါတယ်။

ပါတီ ပြောခွင့်ရ နိုင်သန်းရွှေရဲ့ ပြောဆိုချက်အရ မွန်ညီညွတ်ရေးပါတီဟာ မွန်ပြည်နယ်ရဲ့ သံဖြူဇရပ်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ရေးမြို့နယ်နဲ့မုဒုံမြို့နယ်တို့မှာ ရွေးကောက်ပွဲ ဝင်ပြိုင်သွားမယ့် အခြေ အနေမှာ ရှိနေပြီး ကျန်မြို့နယ် ခြောက်မြို့နယ်မှာတော့ နေရာတချို့သာ ဝင်ပြိုင်သွားမယ်လို့ နားလည်ရပါတယ်။

ဒါပေမယ့် မွန်ညီညွတ်ရေးပါတီဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး၊ ကိုယ်စားလှယ် လုံခြုံရေး၊ ရန်ပုံငွေအပြင် စစ်ကော်မရှင်ရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ စနစ်ကအစ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ နိုင်သန်းရွှေက ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က ပြုလုပ်တဲ့ ပါတီဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး လတ်တလောမှာ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေ လုပ်ဆောင်နေတာပါ။

ဒေသတွင်းက တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီတွေအနေနဲ့ မပူးပေါင်း ကြဖို့ တိုက်တွန်းထားတာရှိသလို ရွေး ကောက်ပွဲကိုလည်း မရရတဲ့ နည်းနဲ့ ဆန့်ကျင် သွားမယ်လို့လည်း သတိပေးထားပါတယ်။

မွန်ညီညွတ်ရေးပါတီ MUP ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်းအပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၁၂ နေရာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MUP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.