ဘေဂျင်း၊ သြဂုတ် ၂၀

ဂျပန်တို့ လက်နက်ချမှုနဲ့အတူ ဒုတိယကမ္ဘာစစ် အဆုံးသတ်ခဲ့တဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်နေ့အဖြစ် ဘေဂျင်းမြို့လယ်ခေါင်မှာ လူထောင်ပေါင်းများစွာ ပါဝင်တဲ့ ဧရာမစစ်ရေး ပြပွဲတစ်ခုကို တရုတ်က လာမယ့်လမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အရင်က အများရှေ့လုံးဝ ချမပြခဲ့ဖူးတဲ့ လက်နက်တချို့ အပါအဝင် မြေပြင် လက်နက်တွေအပြင် တိုက်လေယာဉ်တွေ ဗုံးကြဲ လေယာဉ် ရာနဲ့ချီပါဝင်တဲ့ စစ်ရေးပြပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စစ်ဖက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ဂျပန်တပ်တွေ တရားဝင် လက်နက်ချမှုကို လေ့လာ စောင့်ကြည့်ဖို့ အခုလို ကျင်းပတာ ဒုတိယအကြိမ် ဖြစ်တဲ့ စက်တင်ဘာ ၃ ရက် စစ်ရေးပြပွဲဟာ တရုတ်က သူတို့ရဲ့ စစ်အင်အားကို ထုတ်ပြမယ့် ပွဲ ဖြစ်ပါတယ်။

တရုတ်က အဲဒီ စစ်ရေးပြပွဲမှာ အထူးသဖြင့် သင်္ဘောဖျက် ဒုံးကျည်တွေနဲ့ အသံထက်ပိုမြန်တဲ့ လက်နက်တွေအပါအဝင် လက်နက်ကိရိယာ အသစ်တွေ ထုတ်ပြနိုင်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

တရုတ်ရဲ့ စစ်အင်အားကို အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေက စောင့်ကြည့်နေမှာ ဖြစ်ပြီး ဒေသတွင်းမှာ အနာဂတ်စစ်ပွဲ ဖြစ်လာရင် တရုတ်ကို တားဆီးနိုင်မယ့် နည်းလမ်းတွေကိုလည်း ထပ်ဆင့် ရှာဖွေကြမှာ ဖြစ်ပါတယ်။

အဲဒီ စစ်ရေးပြပွဲဟာ မိနစ် ၇၀ ကြာမြင့်မှာ ဖြစ်ပြီး တရုတ်သမ္မတ ရှီကျငိ့ဖျင်နဲ့အတူ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ နိုင်ငံတကာ ဧည့်သည်တော်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

စစ်ရေးပြပွဲအတွက် အခုလအတွင်း ပထမဆုံး ဇာတ်တိုက်လေ့ကျင့်ချိန် ကတည်းက ဘေဂျင်းမြို့မှာ လုံခြုံရေး တင်းကြပ်ထားပါတယ်။

သြဂုတ် ၉ ရက်နဲ့ ၁၀ ရက်၊ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ တရုတ်က နှစ်ကြိမ်တိုင် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ကားတွေကို လမ်းကြောင်း ပြောင်းခိုင်းတာတွေ၊ ဈေးဝယ်စင်တာတွေကို ပိတ်ခိုင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.