တနင်္သာရီ၊ဩဂုတ် ၂၀
နိုင်ငံတစ်ဝန်းမှာ ဩဂုတ်လ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၉ ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ပြည်သူ့ပန်းတိုင် – People’s Goal အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ်အတွင်း တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့က စစ်ကော်မရှင်တပ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၉ ဦး အလင်းဝင်ခဲ့တာပါ။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အလင်းဝင်သူအများစုဟာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေဖြစ်ပြီး အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သား ၁၉ ဦးအနက် ၁၀ ဦးမှာ စစ်မှုထမ်းတပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်ဟာ နိုင်ငံရေးမှာ ကြံရာမရတော့တဲ့အဆုံး တရားမဝင်တဲ့ အမည်ခံရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတဲ့အပြင် စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုတွေကိုလည်း အပူတပြင်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဩဂုတ်လ ဒုတိယအပတ်ထိ နိုင်ငံတစ်ဝန်းမှာ အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၈၀၀ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF