သီပေါ၊ ဩဂုတ် ၁၉
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ကျောက်မဲနဲ့သီပေါမြို့တို့ကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုလ သြဂုတ် ၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ အဲဒီမြို့သုံးမြို့ကို လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ထားပြီး အဲဒီထဲမှာ မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်အထိ ကျူးလွန်ထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၄၀ ဦးအထိ သေဆုံးထားပြီး ဒဏ်ရာရသူ ဆယ်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲအရပ်သားပြည်သူတွေနေထိုင်ရာ နေအိမ်တွေ၊ စာသင်ကျောင်း တွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကို အဓိကပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်နေတာပါ။
ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

