တီဟီရန်၊ သြဂုတ် ၁၉

၁၂ ရက်ကြာ စစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ တိုက်ခိုက်မှုတွေ မရှိတဲ့ အခြေအနေဟာ ယာယီ ရပ်တန့်မှုလောက်ပဲ ဖြစ်တယ်လို့ အီရန် အကြီးတန်း အရာရှိ တစ်ယောက်က သြဂုတ် ၁၈ ရက်က ပြောကြားပြီး အစ္စရေးနဲ့ အချိန်မရွေး စစ်ပွဲ ပြန်စနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

“ထိပ်တိုက်တွေ့မှုအတွက် ကျွန်တော်တို့ အချိန်တိုင်း ကြိုတင် ပြင်ဆင်ထားရပါမယ်။ လောလောဆယ်မှာတောင် ကျွန်တော်တို့မှာ အပစ်အခတ်ရပ်စဲတဲ့ သဘောတူညီမှု မရှိသေးပါဘူး။ ကျွန်တော်တို့ဟာ ရန်လိုနေတဲ့ အခြေအနေတွေမှာ အပစ်ရပ်ထားရုံပဲ ဖြစ်ပါတယ်”လို့ အီရန် ဒုသမ္မတ မိုဟာမက် ရီဇာ အာရက်ဖ်က ပြောပါတယ်။

ဇွန်လက တိုက်ခိုက်မှုအတွင်း အီရန် နျူကလီးယားစက်ရုံတွေနဲ့ စစ်ဖက်ဆိုင်ရာ နေရာတွေအပြင် လူနေဒေသတွေကိုပါ အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အကြီးတန်းတပ်မှူးတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေ အပါအဝင် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

အီရန်က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပြန်လည် တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

အီရန် နျူကလီးယားစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ရက်အကြာ ဇွန် ၂၄ ရက်က တိုက်ခိုက်မှုတွေ ရပ်တန့်ပြီ ဖြစ်ကြောင်း အမေရိကန်က ကြေညာပါတယ်။

ဒါပေမဲ့ တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူထားတာ မရှိသေးဘဲ ရန်လိုတဲ့ အပြုအမူတွေကို ကြေညာမထားဘဲနဲ့ ရပ်တန့်ထားတာပဲ ဖြစ်ပါတယ်။

အီရန်ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ စစ်ရေး အကြံပေးအရာရှိ တစ်ယောက် ဖြစ်တဲ့ ယာဟာ ရာဗင် ဆာဖာဗီက မိမိတို့ နိုင်ငံအနေနဲ့ အဆိုးရွားဆုံး အနာဂတ် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ အီရန်မီဒီယာသို့ သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။

မိမိတို့နဲ့ အစ္စရေးကြား ဘာသဘောတူညီမှု၊ ဘာစည်းကမ်း သတ်မှတ်မှုမှ မရှိသလို အစ္စရေးနဲ့လည်း တစ်ခုမှ သဘောတူထားတာ မရှိဘူးလို့ အီရန်ခေါင်းဆောင်ကြီးက ဆိုတာပါ။

အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် သက်သက် ဖြစ်တယ်လို့ ပြောထားပေမယ့် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တီဟီရန်ဟာ နျူကလီးယား ဗုံးတွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ သံသယရှိနေတာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရေး ထပ်ပြီး ကြိုးစားမယ်ဆိုရင် နောက်ထပ် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သတိပေးထားပါတယ်။

အီရန်အပေါ် ကုလသမဂ္ဂက ခွင့်ပြုထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ အသင့်ရှိတယ်လို့ ဥရောပ အင်အားကြီးနိုင်ငံတွေက ထပ်ဆင့် သတိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.