နယူးယောက် ဩဂုတ် ၁၉
အမေရိကန်နဲ့ ပူးပေါင်းပြီး ဥရောပနိုင်ငံတွေက ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကတိပေးမှုကို ဥရောပနိုင်ငံတွေက ကြိုဆိုခဲ့ကြပြီးနောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ အသင့်ရှိတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမှာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်နဲ့ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ပြီး ဥရောပခေါင်းဆောင်တွေလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ရုရှားနဲ့ ယူကရိန်းသမ္မတတို့ကြား တွေ့ဆုံရေး စီစဉ်ပေးဖို့ ပူတင်ကို တိုက်တွန်းထားတယ်လို့ ထရန့်က ပြောပါတယ်။
ပူတင်နဲ့နှစ်ဦးချင်း ဒါမှမဟုတ် ထရန့်လည်း ပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ အသင့်ရှိတယ်လို့ ဇီလန်စကီးက ပြောထားပါတယ်။
လုံခြုံရေး အာမခံချက်တွေနဲ့ ပတ်သက်တဲ့ ညှိနှိုင်းမှုတွေကို သြဂုတ် ၁၉ ရက်မှာ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ဆိုပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီမှု မရယူနိုင်ခင် အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်တွေကို ထရန့်က ဆက်လက် ပယ်ချထားပါတယ်။
ဒါပေမဲ့ ဂျာမနီနဲ့ ပြင်သစ်ခေါင်းဆောင်တို့က ကနဦး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူဖို့ တောင်းဆိုခဲ့ကြပါတယ်။
ထရန့်က ပူတင်နဲ့ ဇီလန်စကီးတို့ အရင်ဆုံး တွေ့ပြီးနောက် သူလည်း ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်မယ်လို့ ပြောလာတာပါ။
ယူကရိန်း လုံခြုံရေးကို အာမခံပေးဖို့ အမေရိကန်က ကူညီပေးသွားမှာ ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။
ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် လိုအပ်တယ်ဆိုတာကို ပူတင်ကလည်း အသိအမှတ်ပြုထားပြီး နေတိုးအဖွဲ့ ပုံစံမျိုး အမေရိကန်နဲ့ ဥရောပက ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် ပေးခွင့်ရှိတယ်လို့ သူက ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက မိမိတို့ ဆွေးနွေးမှု ရလဒ်ကြောင့် ဝမ်းသာ ကျေနပ်မိတယ်လို့ ပြောပါတယ်။
ဂျာမန် အဓိပတိ ဖရက်ဒရစ် မာ့ဇ်ကတော့ အပစ်ရပ်ရေး ရုရှားအပေါ် ဖိအားပေးဖို့ ထရန့်ကို တိုက်တွန်းထားပါတယ်။
ပြင်သစ်သမ္မတ မက်ကရွမ်ကလည်း အပစ်ရပ်ဖို့ လိုအပ်ကြောင်း ပြောပေမယ့် ဥရောပတပ်တွေအနေနဲ့ မြေပြင်အထိ သွားရောက်ပြီး ယူကရိန်းကို ကူညီသင့်တယ်လို့ ပြောပါတယ်။
ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်နဲ့ ပတ်သက်လို့ ဥရောပ ခေါင်းဆောင်တွေ လာမယ့် ရက်ပိုင်းအတွင်း စတင် ဆောင်ရွက်ကြဖို့ နေတိုး အတွင်းရေးမှူးချုပ် မက် ရူသီက တိုက်တွန်း ပြောဆိုထားပါတယ်။
Ref:BBC