မကွေး ဩဂုတ် ၁၉

မကွေးတိုင်း ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ ယာဉ်တန်း ၃ လနီးပါးကြာမြင့်ချိန်မှာ ပေါက်မြို့နယ်ကို ရောက်ရှိသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ မှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ စတင်ထွက်ခွာတဲ့ ယာဉ်အစီးရေ ၁၂၀ ကျော်ပါ ယာဉ်တန်းဟာ သြဂုတ်လ တတိယအပတ်မှာပဲ ပေါက်မြို့နယ် ရေပြာစခန်းဝန်းကျင်ကို ရောက်ရှိသွားတာပါ။

“စစ်ကြောင်းရော ကားတန်းရောက ရေပြာစခန်းကို ကျော်သွားတာပေါ့။ အခုနယ်မြေက သူတို့တစ်ဝက် ကိုယ့်တစ်ဝက်အနေအထားမျိုး ဖြစ်နေတော့ လေကြောင်းကတော့ လာတာ နည်းသွားတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပခုက္ကူကနေ ပေါက်မြို့နယ်ကို လေးနာရီဝန်းကျင် ခရီးသာကြာမြင့်ပေမဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် သုံးလဝန်းကျင် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တန်းဖြတ်သန်းရာ လမ်းတလျှောက် စစ်ကော်မရှင်လက်အောက်ခံတွေ အင်အား ၁၀၀ ကျော် အလင်းဝင်ရောက်ပြီး ၃၀၀ ကျော်သေဆုံးကာ ခရိုင်မှုး ဗိုလ်မှူးအဆင့်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မြိုင် ပကဖက ဩဂုတ် ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင် ယာဉ်တန်းစတင်ထွက်ခွာစဉ်က အင်အား ၇၀၀ ကိုစစ်ကြောင်း ၃ ကြောင်းခွဲပြီး လုံခြုံရေးလိုက်ပါစေပေမဲ့ တစ်လကျော်ကြာမြင့်ချိန်မှာ အင်အား ၁၁၀၀ ဝန်းကျင်အထိ တိုးပြီး ​​လုံခြုံရေးလိုက်ပါစေတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်သို့ မရောက်မီ ယာဉ်တန်း​ဖြတ်သန်းရာတလျှောက် ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားကာ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာနဲ့ လေကြောင်းက ဗုံးကြဲတာတွေကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၂၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.