နေပြည်တော် ၊ ဩဂုတ် ၁၉
အပိုင်း ၁ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးချိန်မှာ စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်ပြီး အဲဒီဥပဒေကို ကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁၈ ရက်နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်က အရာရှိ စစ်သည်မိသားစုတွေကို တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အချို့ပြင်ဆင်လို့ရတာတွေကို စည်းမျဉ်းတွေနဲ့အညီ ပြင်ဆင်ဆောင်ရွက်တာကို စစ်တပ်အနေနဲ့ သဘောတူညီပြီးဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဘယ်ပုဒ်မတွေ ဘယ်အချက်တွေကို ပြင်ဆင်မလဲဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။
ဒီမိုကရေစီစနစ်နဲ့ မှန်မှန်ကန်ကန် လုပ်ဆောင်သွားမယ်ဆိုရင် စစ်တပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး စစ်တပ်ရဲ့ တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးပင်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပပြီးချိန်မှာ အနိုင်ရရှိတဲ့ ပါတီကနေ နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်မှာ စစ်တပ် ကိုယ်စားလှယ်တွေ လွှတ်တော်အတွင်း ပါဝင်ပြီး နိုင်ငံ့အရေးဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်တာမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်တဲ့ နိုင်ငံ တော်ကာကွယ်ရေးလုပ်ငန်းတွေမှာသာ တာဝန်ထမ်းဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲဖြစ်ရင် စစ်တပ်က လွှတ်တော်ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းဟာ ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်အလိုက် ထိုင်ခုံတစ်နေရာစီ ရ ပိုင်ခွင့်ရှိတာမို့ နိုင်ငံရေးမှာ ပါဝင်ခွင့်ရနေကြတာဖြစ်ပါတယ်။
ဒါကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလို အသုံးချကာ နိုင်ငံကို လေးနှစ်ကျော် အရေးပေါ်အခြေအနေနဲ့ အုပ်ချုပ်ပြီးချိန်မှာ ရွေး ကောက်ပွဲကျင်းပဖို့ စိုင်းပြင်လာပါတယ်။ ဒီအတွက် အထွေထွေရွေးကောက်ပွဲရဲ့ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့အဖြစ် သတ်မှတ်ထားတာပါ။
ရွေးကောက်ပွဲမှာ ဆန္ဒမဲတွေကို မပျက်မကွက်ပေးကြဖို့ကိုလည်း တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းထားပြီး စစ်တပ်ဟာ နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံစေရေးအတွက် ကာကွယ်ပေးကြဖို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
လက်တွေ့မှာတော့ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို လက်နက်အားကိုးနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့သလို ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပြင် သာသနိကအဆောက်အအုံတွေနဲ့ ဆေးရုံ၊ဆေးခန်း၊စာသင်ကျောင်းပါမကျန် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတွေက ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI