မော်လမြိုင် ၊ ဩဂုတ် ၁၉

ဒီနှစ်ကုန်ပိုင်းအတွင်း စစ်ကော်မရှင်ကနေ အပိုင်းလိုက် ဦးဆောင်ကျင်းပသွားမယ့် အထွေထွေ ရွေးကောက်ပွဲကို တားဆီးနိုင်သမျှ တားဆီးသွားမယ်လို့ နွေဦးတော်လှန်ရေးကနေ ဖြစ်တည်လာတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်သုံးရပ်နဲ့ ကျင့်သုံးမယ့် စနစ်အလိုက် သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်စာရင်းကို ဩဂုတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင် အားစုတွေ လှုပ်ရှားတဲ့ မွန်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။

ပြည်သူ့လွှတ်တော်ကို မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နဲ့ ကျင်းပမှာဖြစ်လို့ မွန်ပြည်နယ်အနေနဲ့ မြို့နယ်တစ်ခုချင်းစီကို မဲဆန္ဒနယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားတဲ့အတွက် မဲဆန္ဒနယ်ပေါင်း ၁၀ နယ် ဖြစ်ပါတယ်။

ဒါကြောင့် ပြည်နယ်တစ်ခုလုံးမှာ ပြည်သူ့လွှတ်တော်အပါအဝင် အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေအတွက် သတ်မှတ်မဲဆန္ဒနယ်မြေအလိုက် စစ်ကော်မရှင်က အထွေထွေရွေး ကောက်ပွဲ ကျင်းပမယ့် သဘောပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောခွင့်ရ နိုင်မွန်စိုင်းက စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းတဲ့ ရွေးကောက်ပွဲမို့ တားဆီးသွားမှာဖြစ်သလို ပြည်သူတွေလည်း မပူးပေါင်းဖို့ တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီရွေးကောက်ပွဲကို လက်မခံဘူး။ ရွေးကောက်ပွဲက စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြန်လည်အသက်သွင်းတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့က လက်မခံဘူး။ဒါကြောင့် ကျွန်တော်တို့တပ်တွေကျတော့ မွန်ပြည်နယ်တောင်ပိုင်းမှာ ရွေးကောက်ပွဲကို တားဆီးနိုင်သမျှ တားဆီး သွားမယ်။ နောက်ပြီးတော့ တချိန်ထဲမှာလည်း ဒီရွေးကောက်ပွဲမှာ ပြည်သူလူထုတွေ ပါဝင်ပူးပေါင်းမှု မရှိဖို့လည်း ကျွန်တော်တို့က တိုက်တွန်းနှိုးဆော်သွားမှာဖြစ်တယ်”လို့ ဆိုပါတယ်။

အပိုင်းလိုက် ကျင်းပသွားမယ့် အထွေထွေရွေးကောက်ပွဲကို တစ်ပတ်နောက်ဆုတ်ပြီး အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ဩဂုတ် ၁၈ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး ထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်ရဲ့ မြို့နယ်တွေအားလုံးဟာ စစ်ကော်မရှင်ရဲ့ ခရိုင်နဲ့ မြို့နယ်အဆင့်ကနေ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်အထိ စိုးမိုးထားသလို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေတွေလည်း ရှိနေတာပါ။

ဒ့ါအပြင် ပြည်နယ်အတွင်းရှိ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ ဒေသတွင်း Local PDF တွေရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း ၊ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ဟာ စစ်ဆင်ရေးအရ လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

ဒီလိုမျိုး အခြေအနေတွေ ရှိနေပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်ပြည်နယ်လုံးကို အပြည့်အဝ ထိန်းချုပ်လွှမ်းမိုးထားနိုင်တဲ့ သဘောနဲ့ မဲဆန္ဒနယ်အပြည့် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းလာတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်တပ်ဘက်က လက်လွှတ်ထားရတဲ့ နယ်မြေတွေကို မျက်ကွယ်ပြုပြီး မြို့နယ်ပေါင်း ၃၃၀ ကို မဲဆန္ဒနယ်တွေအဖြစ် သတ်မှတ်ထားတာပါ။

ဒီအတွက် လက်လွှတ်နယ်မြေတွေမှာ သတ်မှတ်မဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်နေသလို ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးခြင်းကနေ အကာအကွယ်ပေးမယ့် ဥပဒေတွေလည်း ပြဌာန်းခဲ့ပါတယ်။

ဒါကြောင့် လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုတွေနဲ့အတူ ပြည်သူ့လွှတ်တော်ကလွဲရင် ကျန်လွှတ်တော်တွေမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ကျင့်သုံးသွားမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အနေနဲ့ သက်ဆိုင်ရာ လွှတ်တော်အလိုက် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွေအပါအဝင် စုစုပေါင်း မဲဆန္ဒနယ် ၃၁ နယ်အထိ ပါဝင်ပြီး ရွေးကောက်တင်မြှောက်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၅ ဦး သတ်မှတ်ထားတာပါ။

လက်ရှိမှာ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ မွန်ပြည်နယ်အတွင်းရှိ ခရိုင်၊မြို့နယ်နဲ့ မြို့အဆင့်အထိ အားကောင်းနေသေးတာကြောင့် ရွေးကောက်ပွဲကျင်းပမယ့် ကာလအတွင်း အထွေထွေထိုးစစ် မပေါ်ပေါက်ရင် ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့ အလားလာရှိနေပြန်ပါတယ်။

နိုင်မွန်စိုင်းကတော့ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲပုံစံမျိုး မဟုတ်သလို ရလဒ်ကိုလည်း လက်ခံမှာ မဟုတ်တဲ့အတွက် ပူးပေါင်းတဲ့ နိုင်ငံရေးပါတီတွေကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲပုံစံမျိုး မဟုတ်ပါဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ဒါတွေ (လိုချင်တဲ့ မဲရလဒ်ရဖို့ စနစ်တကျ ပြင်ဆင်ထားတာမျိုး) ဖြစ်လိမ့်မှာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကနေ ဘယ်လိုပဲ ဘာပဲလုပ်လုပ် ကျွန်တော်တို့က လက်မခံဘူး။ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကိုလည်း ကျွန် တော်တို့ လက်မခံဘူး။‌နောက် စကစနဲ့ စစ်ကော်မရှင်နဲ့ ပူး‌ပေါင်းတဲ့ နိုင်ငံရေးပါတီတွေကလည်း ကျွန်တော်တို့ လက်မခံဘူး။ ဒါတွေ ကျွန်တော်တို့ ပြောထားပြီးသား ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

လတ်တလောမှာလည်း စစ်ကော်မရှင်က အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဖွဲ့စည်းမှုတွေ စတင်လုပ်ဆောင်နေတာပါ။ အဲဒီထဲမှာ အငြိမ်းစားဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေ အများဆုံး ပါဝင်နေတယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောထားတာပါ။

ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ ရွေးကောက်ပွဲမတိုင်မီ မဲစာရင်းနဲ့လူဦးရေ စာရင်း မှန်ကန်မှုရှိစေရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် ကြိုတင်ပြင်ဆင်ဖို့နဲ့ လုံခြုံရေးကိစ္စတွေကိုပါ ကြိုတင်လုပ်ဆောင်ဖို့ စစ်ကော်မရှင်က ညွှန်ကြားထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း လှုပ်ရှားနေတဲ့ အခြားတော်လှန်ရေးအင်အားစုတွေကတော့ အတုအယောင်ရွေး ကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်လို့ မွန်လူထုတွေ ပူးပေါင်းပါဝင်ခြင်း မလုပ်ဘဲ ဆန့်ကျင်ကြဖို့ ၇၈ နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.