ဝါရှင်တန်၊ သြဂုတ် ၁၈
ယူကရိန်း သမ္မတအနေနဲ့ ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်ပစ်လို့ ရပေမယ့် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ နေတိုးအဖွဲ့ထဲကို ယူကရိန်း ဝင်ရောက်လို့ရမှာ မဟုတ်ဘူးလို့ ဒေါ်နယ် ထရန့်က ပြောကြားပါတယ်။
အိမ်ဖြူတော်မှာ သြဂုတ် ၁၈ ရက် ဗိုလိုဒီမာ ဇီလန်စကီးအား လက်ခံမတွေ့ဆုံခင် နာရီပိုင်းအလိုမှာ ထရန့်က ၂၀၁၄ အတွင်း ရုရှားတရားမဝင် သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသကိုလည်း ယူကရိန်း ပြန်ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အလက်စကားမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံပြီးနောက် ထရန့်ကအထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သြဂုတ် ၁၇ ရက် ညနေပိုင်းက အမေရိကန်သို့ ရောက်ရှိလာခဲ့တဲ့ ဇီလန်စကီးက မဟာမိတ်တွေအနေနဲ့ ထိရောက်တဲ့ လုံခြုံရေးအာမခံချက်တွေ ပေးကြဖို့ ထပ်မံတောင်းဆိုထားပါတယ်။
ယူကရိန်းအတွက် နေတိုးအဖွဲ့ ပုံစံ ဖြစ်နိုင်ခြေရှိတဲ့ လုံခြုံရေးသဘောတူညီမှု ရယူခွင့် ပူတင်က သဘောတူထားတယ်လို့ အမေရိကန် ကိုယ်စားလှယ်က သြဂုတ် ၁၇ ရက်က ပြောပါတယ်။
နေတိုး မဟာမိတ်အဖွဲ့သို့ ယူကရိန်း ဝင်ရောက်မယ့် အိုင်ဒီယာကို ရုရှားခေါင်းဆောင်က အမြဲတမ်း ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း သမ္မတ ဇီလန်စကီးအနေနဲ့ ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲကို ရပ်တန့်ချင်ရင် ချက်ချင်းဆိုသလို ရပ်တန့် ပစ်လို့ရပြီး သူ့အနေနဲ့ ဆက်လက်တိုက်ခိုက်မယ်ဆိုလည်း တိုက်ခိုက်နိုင်တယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
ဇန်နဝါရီအတွင်း အိမ်ဖြူတော်သို့ ထရန့် ပြန်ရောက်မလာခင်က ယူကရိန်း နေတိုးအဖွဲ့ဝင် ဖြစ်ရေးကို အဖွဲ့ဝင် နိုင်ငံတွေက ထောက်ခံခဲ့ကြပါတယ်။
ယူကရိန်း အနာဂတ်နဲ့ ပတ်သက်လို့ ထရန့်နဲ့ ဇီလန်စကီးတို့ ဆွေးနွေးမှုအတွင်း နေတိုး အတွင်း ရေးမှူးချုပ် မက်ရူသီနဲ့အတူ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ အပါအဝင် ဥရောပ ခေါင်းဆောင်တွေလည်း ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပြင်သစ် သမ္မတ မက်ကရွမ်၊ အီတလီ ဝန်ကြီးချုပ် မီလိုနီ၊ ဂျာမနီ အဓိပဓိ ဖရက်ဒရဒ် မာ့ဇ်၊ ဖင်လန် သမ္မတ အလက်ဇန်းဒါး စတု့ဘ်၊ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလေယာတို့လည်း ပါဝင် ဆွေးနွေးမယ်လို့ သိရပါတယ်။
အမေရိကန် မြေပေါ်မှာ ပူတင်နဲ့ ဆွေးနွေးပွဲသို့ ဇီလန်စကီး တက်ရောက်ခွင့် မရ ဖြစ်ခဲ့တာကြောင့် သူ့ကို ထရန့်က သတ်မှတ်ချက်တွေ အတင်းအကြပ် သဘောတူခိုင်းမှာကို ဥရောပ ခေါင်းဆောင်တွေက စိုးရိမ်နေတယ်လို့ သံတမန်တွေက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရူဘီယိုကတော့ ထရန့်က ငြိမ်းချမ်းရေး သဘောတူညီမှု အားလက်ခံဖို့ ဇီလန်စကီးကို အနိုင်ကျင့် ဖိအားပေးမယ်ဆိုတာ မီဒီယာတွေရဲ့ ဖန်တီး ပြောဆိုမှုတွေ ဖြစ်တယ်လို့ ချေပထားပါတယ်။
Ref:BBC