မြဝတီ၊ သြဂုတ် ၁၉
ကုန်သွယ်မှုကူးသန်းသွားလာပြုလုပ်ရာမှာ အဓိကအသုံးပြုနေတဲ့ ကရင်ပြည်နယ် မြဝတီမြို့က ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာစစ်တပ်ဘက်က အကြောင်းပြချက်မရှိဘဲ ဩဂုတ် ၁၈ ရက်နေ့ကစပြီး ပိတ်ပစ်လိုက်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာစစ်တပ်က ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး အကြောင်းပြချက် တစ်စုံ တစ်ရာမရှိပဲ အကြောင်းမဲ့ပိတ်ပင်လိုက်တဲ့အတွက် ထိုင်းနိုင်ငံဘက်ခြမ်းမှာ ကုန်ကားတွေအများအပြား ပိတ်နေခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြဝတီမြို့မှာ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတား ၂ စင်းရှိပြီး အမှတ် ၂ ချစ်ကြည်ရေးတံတားဟာ နှစ်နိုင်ငံ ကုန်စည်ကူးသန်းသွားလာရာမှာ အဓိကအသုံးပြုတဲ့ တံတားတစ်စင်းဖြစ်ပြီး အမှတ် ၁ ချစ်ကြည်ရေးတံတားကတော့ လူဝင်လူထွက် အသွားအလာမှာ အဓိကထားအသုံးပြုတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြဝတီမြို့ပြင်ဘက်က ကုန်သွယ်ရေးဇုန်ထဲမှာရှိတဲ့ လူတွေ ဈေးဆိုင်တွေကိုလည်း စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဩဂုတ် ၁၈ ရက်နေ့ မနက်မှာ လာရောက်ဖယ်ရှားခိုင်းတယ်လို့လည်း ကြားသိရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နယ်စပ်မြို့ မြဝတီဘက်ကို စက်သုံးဆီသယ်ယူပို့ဆောင်တာတွေကို ဩဂုတ် ၁၃ ရက်နေ့မှာ စစ်ကော်မရှင်က လိုက်လံဖမ်းဆီးနေတဲ့အတွက် မြဝတီမြို့မှာ ဆီပြတ်လပ်မှုဖြစ်ပေါ်နေခဲ့ပြီး ဒေသခံတွေဟာ စက်သုံးဆီတွေကို အလုအယက်ဝယ်ယူနေကြရာ စက်သုံးဆီဈေးနှုန်းလည်း တစ်လီတာကို ကျပ် ၁၀၀၀၀ အထိ ဈေးမြင့်သွားခဲ့တာပါ။
စစ်ကော်မရှင်ဟာ ဘားအံမြို့အဝင်အထွက်နေရာတွေမှာ တရားမဝင်ကုန်စည်တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းကုန်စည်တွေကို လိုက်လံဖမ်းဆီးနေသလို စက်သုံးဆီသယ်ယူတာတွေကိုလည်း လိုက်လံဖမ်းဆီးနေပြီး ရက်ပိုင်းအကြာမှာပဲ မြဝတီမြို့က အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပိတ်ပစ်လိုက်တာပါ။
လက်ရှိမှာလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ သင်္ဃန်းညီနောင်ဒေသကို အလုံးစုံပြန်လည်စိုးမိုးသိမ်းပိုက်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က တပ်အင်အားအများအပြားဖြည့်ဆည်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media