မြဝတီ၊ သြဂုတ် ၁၆

အင်အားရာချီပါဝင်တဲ့ အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခုကို ကရင်နယ်ခြားစောင့် BGF အဖွဲ့က ဩဂုတ် ၁၅ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ် သစ်ကတေကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ BGF သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) အမှတ် ၂ စစ်ဒေသက ဖွင့်လှစ်လိုက်တဲ့ အပတ်စဉ် ၁၉/၂၀၂၅ သင်တန်းဆင်းပွဲကို ဩဂုတ် ၁၅ ရက်နေ့ မနက်ပိုင်းက သစ်ကတေကျေးရွာမှာရှိတဲ့ BGF သင်တန်းကျောင်းစစ်ရေးပြကွင်းမှာ ပြုလုပ်ခဲ့တာပါ။

အဲဒီအခြေခံစစ်ပညာသင်တန်းဟာ ၃ လခွဲ ကြာမြင့်ခဲ့ပြီး သင်တန်းဆင်းစစ်သည် ၅၂၀ ဦး ပါဝင်ခဲ့ကာ သင်တန်းဆင်းစစ်သည်တွေကို လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ BGF သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီစစ်သင်တန်းဆင်းပွဲကို ကရင်နယ်ခြားစောင့်တပ် BGF က ထိပ်ပိုင်းခေါင်းဆောင်တချို့ တက်ရောက်ခဲ့ကြပြီး အခြားကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA က ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝနဲ့ တပ်ဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

သင်တန်းဆင်းရဲဘော်သစ်တွေအနေနဲ့ တိုင်းပြည်အနာဂတ် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်ရှိသလို ရှုပ်ထွေးနေတဲ့ နိုင်ငံရေးကာလအတွင်း ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်းတွေကို လုံခြုံစွာရှိစေဖို့ ကာကွယ်စောင့်ရှောက်ပေးရမယ်လို့ BGF အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သင်တန်းဆင်းပွဲမိန့်ခွန်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအားလုံးတွေအနေနဲ့ လူမျိုးမခွဲခြားဘဲ မိမိတို့နေထိုင်ရာဒေသတွေ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြဖို့ အားလုံးမှာတာဝန်ရှိတယ်လို့လည်း ဗိုလ်မှူးချုပ်စောတင်ဝင်းက ဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီလက်အောက်ခံကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းက နှုတ်ထွက်လိုက်ပြီးတဲ့နောက်ပိုင်း လူအင်အားနဲ့ လက်နက်ခဲယမ်းတွေကို ပိုမိုဖြည့်ဆည်းလုပ်ဆောင်လာနေပြီး BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့လည်း အသိပေး ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.