နေပြည်တော်၊ ဩဂုတ် ၁၇

ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ စွဲဆိုလာတဲ့အမှုတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ စစ်ကော်မရှင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပြောပါတယ်။

သြဂုတ် ၁၄ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက တရားလွှတ်တော်တွေနဲ့တရားရုံးအသီးသီးကို ညွှန်ကြားခဲ့တာပါ။

အဲဒီအစည်းအဝေးအတွင်း ဦးသာဌေးက တရားသူကြီးတွေ၊ တရားရေးအရာရှိတွေနဲ့ ဝန်ထမ်းအား လုံးဟာ နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်တာကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် ကျရာကဏ္ဍမှ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ စွဲဆိုလာတဲ့အမှုတွေကို မြန်မြန်ဆန်ဆန် စစ်ဆေးစီရင်ကြဖို့နဲ့ ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ဆောင်ရွက်ကြဖို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေအရ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ လူတစ်ဦးတစ်ယောက် သေဆုံးမှု ဖြစ်ပွားပါက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ အသီးသီးကို သေဒဏ်ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဥပဒေအရ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပျက်ပြားစေရန် ဟောပြောတာ၊ ပြောဆိုတာတွေ လုပ် ဆောင်ရင် ထောင်ဒဏ် အနည်းဆုံး ၃နှစ်ကနေ အများဆုံး ၇ နှစ်ထိချမှတ်ရမယ့်အပြင် လူစုလူဝေးနဲ့ကျူးလွန်ပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်၊ မဲရုံတာဝန်ရှိသူ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ခြိမ်းခြောက်၊ ဟန့်တား၊ နှောင့်ယှက်တာနဲ့ အပြင်းအထန် နာကျင်စေပါက ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်တွေ၊ ကော်မရှင်ရုံးနဲ့ မဲရုံ အ ဆောက်အဦတွေအပြင် သက်ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖျက်ဆီးပါကလည်း ထောင် ဒဏ် ၅ နှစ်ကနေ ထောင်ဒဏ် တစ်သက်အထိ ချမှတ်မယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.