ရေဖြူ၊ ဩဂုတ် ၁၆
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်းကျေးရွာနဲ့မရမ်းချောကျေးရွာကြားမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
အင်အား ၁၇၀ လောက်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ မနေ့ သြဂုတ် ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကြောင်း ထပ်ထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အချိန် ၂ နာရီနီးပါးကြာတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အရာရှိ ၃ ဦးအပါအဝင် ၁၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်း ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က စစ်ကြောင်း ပြန်မဆုတ်သေးတာကြောင့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကလည်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ၁၄ ဦး သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF