မော်လမြိုင် ၊ ဩဂုတ် ၁၇

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လူငယ်တွေကို ဆက်တိုက်ဆိုသလို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းတပ်သား စုဆောင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ စစ်မှုထမ်းအတွက် အစားထိုး လူငှား ခေါ်ယူရ ခက်ခဲလာတာ၊ ရွေးကောက်ပွဲအတွက် လုံခြုံရေးအင်အား အများအပြား လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာပါ။

လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတဲ့နေရာမှာတော့ ညအချိန်တွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ဆေးပြီး ဖမ်းဆီးတာ၊ တစ်ဦးထဲ လမ်းထွက်ရင် ဖမ်းဆီးတာ၊ လမ်းဆုံလမ်းခွတွေမှာ စောင့်ဆိုင်းပြီး ပေါ်တင်ဖမ်းဆီးတာအပြင် နည်းအမျိုးမျိုးနဲ့ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဘီးလင်းမြို့ခံတစ်ဦးကတော့ အာဏာသိမ်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ညနေပိုင်း အလုပ်ကနေ ပြန်လာတဲ့ လူငယ်တွေကို ကားတွေနဲ့လှည့်ပြီး လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“အလုပ်က ပြန်လာတာတို့ ဆိုင်ကယ်ပတ်မောင်းနေတာတို့ ဆိုလို့ရှိရင် သူတို့ ကားနဲ့ လှည့်ပြီးတော့ ဆိုင်ကယ်အရှေ့က ရပ်လိုက်ရော ရပ်ပြီး ဆိုလို့ရှိရင် ပိတ်ဖမ်းပြီး ပေါ်တာဆွဲသွားတာ။ဖမ်းတာတော့ ပုံစံ အမျိုးမျိုးနဲ့ပဲ ဖမ်းတာပေါ့။ကျွန်တော်တို့မှာဆိုရင် ၁၀ ရက် ကျော်ပြီ။ ဆွဲသွားပြီးလို့ရှိရင် စစ် သားစုဆောင်းရေးထဲထည့်တယ်”လို့ ဆိုပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲက စစ်ကော်မရှင်နဲ့ နီးစပ်သူတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေကိုတော့ ငွေကြေးအဆမတန်တောင်းပြီး ပြန်လွတ်ပေးတာ ရှိပြီး ကျန်တဲ့သူတွေကိုတော့ မဖြစ်မနေ စစ်သားစုဆောင်းရေးထဲ ပို့နေတယ်လို့ သူက ဆက်ပြောပါတယ်။

မုဒုံမြို့ခံတစ်ဦးကလည်း စစ်ကော်မရှင်ဘက်က လူငယ်တွေကို ညပိုင်းတွေမှာ အချက်အခြာကျတဲ့နေရာတွေကအစ လိုက်ဖမ်းနေတဲ့အတွက် လူငယ်တွေအနေနဲ့ အပြင်ထွက် သွားလာဖို့တောင် အခက်အခဲရှိလာတယ်လို့ ပြောပါတယ်။

“အခုကတော့ တော်တော် လိုက်ဖမ်းနေတာ။ ည ၈ နာရီခွဲလောက်ကို လိုက်ဖမ်းနေတာ။ ဘယ်လိုပုံစံလည်းဆိုတော့ လှည့်ကင်း ပုံစံမျိုးနေပြီးတော့ ဖမ်းတာမျိုးတွေ ဘာတွေ ရှိတာပေါ့။ ပြီးတော့ လူငယ်တစ်ယောက်တည်း ဆိုလို့ရှိရင် လိုက်ပြီးတော့ ဖမ်းဆီးတာတွေ ဘာတွေ ရှိတယ်။ အခု လူငယ်တွေက တော်တော်ကို ညပိုင်းဆိုလို့ရှိရင် ၇ နာရီခွဲလောက် တောင်မှကာ လမ်းပြင်သွားဖို့ ခဲယဉ်းတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးလို့ ထွက်ပြေးပါက နေအိမ်တွေအထိ လိုက်လံဖမ်းဆီးတာတွေ ရှိပြီး ဖမ်းဆီးခံရပါကလည်း ဆဲဆိုရိုက်နှက်တာတွေ လုပ်ဆောင်နေတဲ့အတွက် အပြင်ထွက်တဲ့ လူငယ်တိုင်း ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေ ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင်ဟာ လစဉ် ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းမှာ သင်တန်းသား သတ်မှတ် အရေအတွက် ပြည့်ဖို့အတွက် အခုနောက်ပိုင်း ဒေသတွင်းမှာ ဆင့်ခေါ်စာတွေ ပေးပို့တာ၊ မရရတဲ့နည်းနဲ့ ဖမ်းဆီးစုဆောင်းတာတွေ ဆက်တိုက် ပြုလုပ်လာတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီ အမည်ပြောင်း စစ်ကော်မရှင် ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၆ အထိ လူငယ် ၂၇၀၀ ထက်မနည်း တပ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.