မိုးကုတ်၊ ဩဂုတ် ၁၆
မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိလာတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က သြဂုတ် ၁၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲအချိန်ခန့်မှာ ဂျက်ဖိုတာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက်ကြဲချခဲ့တာပါ။
အဲဒီဗုံးကြဲမှုကြောင့် အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၅ ဦး၊ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၅ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
အခုလအတွင်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်တို့မှာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် သံဃာတော်နှစ်ပါးအပါအဝင် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးထားတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲ ရှိဖို့လိုအပ်တဲ့အပြင် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA