ပုလော၊ ဩဂုတ် ၁၇
တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရက်ပေါင်းနှစ်ဆယ်ကျော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၃ သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပလမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစပြီး ဒီကနေ့အထိ နှစ်ဖက်ထိ တွေ့တိုက်ပွဲ ဖြစ်ပွားနေတာပါ။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲကြီး ၉ ကြိမ်နဲ့ တိုက်ပွဲငယ် အများအပြား ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၃ ဦး သေဆုံးခဲ့ပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က ရဲဘော် ၃ ဦးနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြား ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါအပြင် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သံဃာတော်နှစ်ပါး အပါအဝင် အရပ်သား ၂၀ ဦး သေဆုံးခဲ့တဲ့အပြင် ပလမြို့တွင်း ပိတ်မိနေတဲ့ ပြည်သူ ၃၀၀ ကျော်ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပလမြို့တွင်း တိုက်ပွဲမှာ စစ်ကော်မရှင်ထံက ပစ္စတို ၁ လက်၊ MA-1 ရိုင်ဖယ် ၂ လက်၊ RPG-7 ၁ လက်နဲ့ ဗုံးသီး၊ ဒရုန်းတစ်စီးတို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဟာ ပလမြို့အတွင်းရှိ နေအိမ်တွေမှာ တပ်စွဲနေထိုင်နေပြီး အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာကြောင့် ပလမြို့ခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း