နေပြည်တော် ၊ ဩဂုတ် ၁၆
မြန်မာနိုင်ငံရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းရှိ အင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့ဟာ စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတယ်လို့ Justice For Myanmar နဲ့ တအာင်းအရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့တို့က ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တရုတ်အစိုးရဟာ မြန်မာစစ်အုပ်စုကို ခေတ်မှီစစ်လက်နက်ပစ္စည်းတွေ နည်းပညာတွေ ထောက်ပံ့ပေးပြီး စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ပိုမိုအားဖြည့်ပေးနေတယ်လို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။
တစ်ဘက်မှာ တရုတ်အစိုးရဟာ စစ်အုပ်စုနဲ့ ပူးပေါင်းကာ တအာင်းတပ်မတော် TNLA ကနေ ထိန်း ချုပ်ထားတဲ့ ဒေသတွေ ပြန်ပေးဖို့ နိုင်ငံရေးနဲ့ စစ်ရေး ဖိအားပေးမှု၊ စားသောက်ကုန်၊ ကျန်းမာ ရေးဆေးဝါး၊ နယ်စပ်ကုန်သွယ်ရေး ဆက်သွယ်ရေး စတဲ့ ဖြတ်တောက်မှုမျိုးစုံနဲ့ ဆက်တိုက်ဖိအားပေးနေတာလို့ ဖော်ပြပါတယ်။
ဒီအတွက် လေယာဉ်ဆီအပါအဝင် ခေတ်မှီတဲ့ စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးမှုပေးနေတဲ့ နိုင်ငံတွေ လုပ်ငန်းရှင်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအားလုံး ချက်ချင်းရပ်တန့်ပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့တို့က တိုက်တွန်းတောင်းဆိုထားတာပါ။
အိန္ဒိယအစိုးရကလည်း စစ်အုပ်စုစစ်သည်အရာရှိတွေကို အိန္ဒိယနိုင်ငံမှာ လေ့ကျင့်သင်ကြားပေးမှုနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတယ်လို့ Justice For Myanmar JFM က ဆိုပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း အိန္ဒိယလေတပ်၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကတဆင့် စစ်အုပ်စုထံ စစ်လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လောင်စာဆီတွေ ရောင်းချပံ့ပိုးရာမှာ တက်ကြွတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာပါ။
လက်ရှိမှာလည်း စစ်အုပ်စုအတွက် မောင်းသူမဲ့ဝေဟင်ယာဉ် (UAVs) တွေနဲ့ အခြားအနိမ့်ပျံဝေဟင်အန္တရာယ်တွေကို ခြေရာခံရှာဖွေနိုင်စွမ်းရှိတဲ့ LLLWR လို့ခေါ်တဲ့ ဒရုန်းရန်ကာကွယ်ရေးရေဒါ တစ်ခု ရောင်းချပေးနိုင်ဖို့ နှစ်ဘက်ကြား ပူးပေါင်းမှုတချို့ ပေါက်ကြားလာပါတယ်။
အိန္ဒိယကုမ္ပဏီ Astra Microwave Products Ltd နဲ့ မြန်မာစစ်အုပ်စု လက်နက်ပွဲစားကုမ္ပဏီ Light Head Group of Companies Limited တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ဖွယ် အခြေအနေကို အတည်ပြုနိုင်တဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတစ်စောင် ဖြစ်ပါတယ်။
Astra ဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Defence Research and Development Organization နဲ့ ရေဒါနဲ့ ဒုံးကျည်စနစ်တွေ တီထွင်ထုတ်လုပ်ရေးမှာ မိတ်ဖက်လုပ်ဆောင်နေတဲ့အချက်ဟာ စစ်အုပ်စုရဲ့ ရာဇဝတ်မှုကြီးတွေမှာ အိန္ဒိယရဲ့ ကြံရာပါမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေတယ်လို့ JFM က ထောက်ပြပါတယ်။
၂၀၂၃ ခုနှစ်မှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အပါအဝင် စစ်ခေါင်းဆောင်တို့နဲ့ တွေ့ဆုံခဲ့တာဟာ အိန္ဒိယအစိုးရအနေနဲ့ စစ်အုပ်စုနဲ့ ပတ်သက်မှုကြီးကြီးမားမား ရှိနေကြောင်း ပြသခဲ့တာပါ။
ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ စစ်အုပ်စုထံ စစ်လက်နက်ရောင်းချမှုနဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အားလုံးကို ချက်ချင်းအဆုံးသတ်ဖို့နဲ့ ပါဝင်ပတ်သက်နေသူတွေ ရှယ်ယာရှင်တွေ လက်နက်ပွဲစားအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရမယ်လို့ JFM က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI