ကော့ကရိတ်၊ သြဂုတ် ၁၆

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက် ခိုက်မှုတွေ အရှိန်အဟုန်မြင့်လာတာကြောင့် ဒေသတွင်းက တော်လှန်ရေးအင်

အားစုအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် အပြင်းအထန် ဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီ အမည်ပြောင်း စစ်ကော်မရှင်က မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အဲဒီထဲမှာ ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးမြို့နဲ့ ကော့ကရိတ်မြို့နယ်တို့လည်း ပါဝင်ခဲ့တာပါ။

စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် ကော့ကရိတ်မြို့နယ်ထဲက ကျုံဒိုး၊ ကော့ကရိတ်မြို့တွေမှာ စစ်တပ်ဘက်က စစ်ရေးပြင်ဆင် အင်အားဖြည့်ဆည်းတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေအပြင် လေကြောင်းနဲ့ ဒရုန်းတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်က ဆိုပါတယ်။

အထူးသဖြင့် ကျုံဒိုး-နဘူးလမ်းနဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတို့ကို အလုံးစုံ စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က ဩဂုတ်လအစောပိုင်းတွေမှာ စစ်ကြောင်းထိုးလာခဲ့တဲ့အတွက် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေခဲ့တာပါ။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကျုံဒိုး-နဘူးလမ်းပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အတွက် တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကြောင့် ကျုံဒိုးမြို့အနီးက ချောင်းဖျား၊ ကျုံဘိုင်း၊ နိုင်းခလောင်၊ ကော့ဒေးဆိုင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ တိမ်းရှောင်နေခဲ့ရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ကျုံဒိုး-နဘူးလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဟာ ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေထဲကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အလုံးစုံပြန်လည်သိမ်းပိုက်သွားနိုင်ဖို့အတွက် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့တဲ့နောက် ကော့ကရိတ်မြို့အနီး အာရှလမ်းပိုင်းတွေမှာ ထိတွေ့တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

ကော့ကရိတ်မြို့နယ်မှာ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေစဉ်အ တွင်း တဖက်မှာလည်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်နယ်မြေထဲကို ဩဂုတ် ၁၁ ရက်နေ့ ညပိုင်းမှာ လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂၀၀ နီးပါး ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.