နေပြည်တော် ၊ ဩဂုတ် ၁၇
လာမယ့် ဒီဇင်ဘာမှာ စစ်တပ်ကနေ အပိုင်းလိုက် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်တစ်ခုချင်းစီအလိုက် နိုင်ငံတဝန်းရှိ မြို့နယ်အားလုံးကို မဲဆန္ဒနယ်မြေတွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
မြို့နယ်ပေါင်း ၃၃၀ ကို မဲဆန္ဒနယ်မြေတွေအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့တဲ့ထဲမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ စစ်ရေးတင်းမာတဲ့ နယ်မြေတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။
အဲဒီထဲမှာ ရခိုင်နဲ့ရှမ်းမြောက်အပါအဝင် ကချင်၊ချင်း၊ကယားနဲ့ ကရင် စတဲ့ ပြည်နယ်တွေအပြင် နိုင်ငံ့အလယ်ပိုင်း စစ်ကိုင်း၊မကွေးနဲ့ မန္တလေး စတဲ့ တိုင်းဒေသကြီးက မြို့နယ်ပေါင်း ၉၀ ကျော်မှာ စစ်တပ်က လက်လွှတ်ထားရပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေအဖြစ် ထည့်သွင်းထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က နယ်မြေတွေ ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ်က စစ်ဆင် ရေးလုပ်နေတာရှိသလို တရုတ်ဖိအားကြောင့် လူထုကို စည်းရုံးဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပိုင်းလိုက်ခွဲပြီး ရွေးကောက်ပွဲကျင်းပမယ့် သဘောလို့ သုံးသပ်ပါတယ်။
“ကမ္ဘာကို လှည့်စားလိုက်တာပေါ့၊ ကမ္ဘာကို ကျွန်တော်က တစ်နိုင်ငံလုံးလုပ်မှာ ဒီလိုပြောချင်တာပဲ၊ ကမ္ဘာကိုပေးတဲ့ မက်ဆေ့ချ်ပေါ့။ နောက်ပြည်တွင်းကိုလည်း သူ့ကိုယ်သူ အားပေးတာပေါ့။ ငါတို့က တစ်ပြည်လုံးကို အကြုံးဝင်တဲ့ရွေးကောက်ပွဲမျိုးလုပ်မှာ ဒါ ပြောလိုက်တာပေါ့။ သူတို့ ပထမက ပြောထားတာ ရှိတယ်လေ၊ အကြိမ်ကြိမ်အခါခါ (ရွေးကောက်ပွဲကို) ခွဲလုပ်မယ်ဆိုတဲ့အခါကျတော့ ရှင်းရှင်းပြောရင် အခုထိုးစစ်တွေ ဆင်နေတယ် နယ်မြေတွေ (ပြန်ထိန်းဖို့) လုပ်နေတယ်ဆိုတာလည်း အဲဒါနဲ့ရည်ရွယ်မှာပေါ့ကွာ။ တရုတ်ဖိအားကလည်း ခင်ဗျား (စစ်ခေါင်းဆောင်) လူထုကို စည်းရုံးပါ ရွေးကောက်ပွဲတွေ ဖြစ်အောင်လုပ်ပါ တရုတ်ကပြောပြီလေ၊ အခုလည်း ထပ်ပြောပြီ၊ ဟိုနေ့က ထပ်ပြောလိုက်တဲ့စကားမှာ လူထုကို စည်းရုံးပါဆိုတဲ့ စကားပါလာတယ်”လို့ ဆိုပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်အရ ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ် ၃၃၀ အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နဲ့ အရင်အတိုင်း ကျင်းပသွားမှာပါ။
ကျန်တဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေမှာတော့ ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် MMP နဲ့ ကျင်းပသွားမှာဖြစ်ပြီး အဲဒီထဲမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ်PR တို့ ပါဝင်ပါတယ်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကျင့်သုံးမယ့် မဲအများဆုံးရသူအနိုင်ယူစနစ် FPTP အတွက် မဲဆန္ဒနယ် ၈၄ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် PR အတွက် မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၁၀ ဖြစ်ပါတယ်။
အလားတူ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာ ကျင့်သုံးမယ့် FPTP စနစ်အတွက် မဲဆန္ဒနယ် ၃၂၂ နယ်နဲ့ PR စနစ်အတွက် မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ နယ် ဖြစ်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွေကိုလည်း ၂၉ နယ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတာပါ။
ဒါပေမယ့် မဲဆန္ဒနယ်မြေသတ်မှတ်မှုနဲ့ ကျင့်သုံးမယ့် အချိုးကျကိုယ်စားပြုစနစ် PR နဲ့ ပတ်သက်ပြီး ဆန္ဒမဲတွေကို ဘယ်လိုမျိုး တွက်ချက်မယ်ဆိုတဲ့အချက်ကို အသေးစိတ် ထုတ်ပြန်ထားတာ မရှိသေးတဲ့အတွက် နိုင်ငံရေးပါတီတွေဘက်က မရှင်းလင်းနေဘူးလို့ ဆိုပါတယ်။
မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေက ရွေးကောက်ပွဲဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စား လှယ်လောင်း ရွေးချယ်မှုရော မဲရေတွက်တဲ့ စနစ်ရော မူတည်ပြီး အခက်အခဲအများကြီး ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်၊ နောက်မဲရေတွက်တဲ့ စနစ်အပေါ် မူတည်ပြီးတော့လည်း ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ ရှိတယ်။ ပြီးတော့ မဝင်ပြိုင်နိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ကျွန်တော်တို့ရဲ့ လိုဂိုပေါ့ ကိုယ်စားပြုမှု မပါခဲ့လို့ရှိရင်လည်း ထောက်ခံမယ့် ပြည်သူတွေက ကျွန်တော်တို့ကို မဲထည့်လို့ မရမှာကိုလည်း စိုးရိမ်ရတာပေ့ါ။ သဘောက တချို့မြို့နယ်မှာ ကျွန်တော်တို့ ဝင်ပြိုင်လို့မနိုင်ဘူး၊ မဲအနည်းအကျဉ်းပဲ ရမယ်၊ ဒါပေမယ့် တကယ်လို့ ကျွန်တော်တို့ ဝင်မပြိုင်ဘူးဆိုလို့ရှိရင်လည်း အဲဒီမဲက PR ကို တွက်ချက်တဲ့အခါကျလို့ရှိရင် ပါမလား မပါဘူးလား အဲဒါလည်း လိုအပ်တာပေါ့၊ ဒါလည်း အခက်အခဲပေါ့”လို့ ဆိုပါတယ်။
မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီအဖြစ် ရပ်တည်နေတဲ့ ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ကျင့်သုံးမယ့် စနစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ ပါတီတွင်း ဆွေးနွေးရဦးမယ်လို့ သူက ဆက်ပြောပါတယ်။
PR စနစ်ကျင့်သုံးမယ့် အမျိုးသားလွှတ်တော်မှာတော့ တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခုချင်းစီပေါ်မူတည်ပြီး ခရိုင်အလိုက်စုစည်းကာ မဲဆန္ဒနယ်တွေသတ်မှတ်တာအပါအဝင် တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခုလုံးကိုလည်း မဲဆန္ဒနယ်တစ်ခုသတ်မှတ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆ ဦးစီ ရွေးကောက်တင်မြှောက်ရမယ်လို့ သတ်မှတ်ထားတာပါ။
တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်မှာ ကျင့်သုံးမယ့် PR စနစ်အရ တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခုချင်းစီပေါ် မူတည်ပြီး ခရိုင်အလိုက် စုစည်းကာ မဲဆန္ဒနယ်တွေသတ်မှတ်တာအပါအဝင် တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်ခုသတ်မှတ်ပြီး မြို့နယ်တစ်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီနဲ့ ရွေးကောက်တင်မြှောက်ရမှာပါ။
ဒီအပေါ် အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးမယ့် လွှတ်တော်တွေမှာ မဲဆန္ဒနယ်တစ်ခုတည်းအဖြစ် သတ်မှတ်လိုက်တာမို့ တချို့ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ ကြေညာထားတာလည်း ရှိနေတာကြောင့် အခက်တွေ့နိုင်တယ်လို့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။
မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက “ပြည်နယ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နဲ့ကျတော့ ဥပမာ ကယားပြည်နယ်ဖြစ်ဖြစ် ကရင်ပြည်နယ်ဖြစ်ဖြစ် တချို့ မာရှယ်လောနေရာတွေ ရှိတယ်၊ အဲဒါကို မဲဆန္ဒနယ်တစ်ခုတည်း သတ်မှတ်တဲ့အတွက်ကြောင့် အဲဒီမဲကို ဘယ်လိုရေတွက်မှာလဲ။ ရွေးကောက်ပွဲကိုအပိုင်းလိုက်လုပ်မယ်ဆိုရင် အဲဒီအပိုင်းတစ်ခုနဲ့တစ်ခုက ဘယ်လောက် ကြာသွားနိုင်မလဲ။ နောက်တစ်ချက် မရှင်းတဲ့ဟာတစ်ခု ကျန်သေးတာက ပါတီတစ်ခုက ပထမဥပဒေမှာ မဲဆန္ဒနယ်တစ်ခုမှာ အပြည့်ပြိုင်ရမှာပေါ့၊ အဲဒီဟာက ဘယ်လိုမျိုးလဲပေါ့၊ အဲဒီအချက်တွေကို မရှင်းလင်းသေးဘူး။ နောက်များ ဥပဒေပြန်ထွက်မလားမသိဘူး”လို့ ဆိုပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တိုင်းနဲ့ ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး ရက်ပေါင်း ၉၀ အတွင်း အကြုံးဝင်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ စစ်တပ်ကို အပ်နှင်းထားတာပါ။
စစ်အုပ်ချုပ်ရေးအမိန့်အဖြစ် သတ်မှတ်ထားတဲ့ မြို့နယ်အများစုဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
တစ်ဘက်မှာ အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ထုတ်ပြောထားသလို သူတို့နယ်မြေအတွင်း ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ အသိပေးထားတာပါ။
ဒါကြောင့် လက်ရှိ သတ်မှတ်ထားတဲ့ နိုင်ငံတဝန်းက မဲဆန္ဒနယ်မြေတွေအားလုံးမှာ အပိုင်းလိုက် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်တပ်ဘက်က ဖြည့်တင်းထားတဲ့ စစ်မှုထမ်းအင်အားနဲ့ စွန့်လွှတ်နယ်မြေတွေကို တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲဖြစ်ရင် ကော်မရှင်ကနေ ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ စည်းရုံးမယ့် ဒေသပေါ်မူတည်ကာ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ရမှာပါ။
အထူးသဖြင့် ပြည်ထောင်စုတစ်ဝန်းစည်းရုံးမယ့် ပါတီဆိုရင် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အလိုက် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ မိမိပါတီက ဝင်မပြိုင်နိုင်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိပါဘူး။
ဒါ့အပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် ပါတီဖြစ်ရင် မိမိစည်းရုံးမယ့် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အတွင်းရှိ အနည်းဆုံး မဲဆန္ဒနယ်တစ်နယ်မှာ ဝင်မပြိုင်နိုင်ရင်လည်း အလားတူ ဖြစ်ပါတယ်။
ဒါကြောင့် ပါတီရပ်တည်ရေးအတွက်ဖြစ်စေ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ထောက်ခံမဲပေးကြမယ့် မဲဆန္ဒရှင်ပြည်သူတွေက အခရာကြနေပါတယ်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ အာဏာသိမ်းမှုအောက်က အသွင်အမျိုးမျိုးနဲ့ ပြောင်းလဲအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ရှင်သန်နေထိုင်ကြတဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ချုပ် အပြီးသတ်ချုပ်ငြိမ်းကိုသာ လိုလားကြတာပါ။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် ဆန္ဒမဲပေးနိုင်ရင် လူထုအများစုရဲ့ ဆန္ဒပါဝင်တယ်လို့ သတ်မှတ်နိုင်မှာဖြစ် ကြောင်း ဩဂုတ် ၁၂ ရက်နေ့မှာ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AA/MDY PDF