အန်နင်း၊ သြဂုတ် ၁၆
တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်နင်းမြို့မှာ သြဂုတ် ၁၅ ရက်က တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ကြရာမှာ အားလုံးက မြန်မာနိုင်ငံ တည်ငြိမ်ရေး ကူညီပေးဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပူးပေါင်းတိုက်ဖျက်ရေး ကတိပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က လေးနှစ်နိုင်ငံ ပထမဆုံး ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း မြန်မာ နိုင်ငံ အခြေအနေဟာ ယေဘုယျအားဖြင့် တည်ငြိမ်သွားခဲ့တယ်လို့ တရုတ် ကွန်မြူတစ်ပါတီရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင် တစ်ဦး ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

မြန်မာ ဦးဆောင်ပြီး မြန်မာတွေ ကိုယ်တိုင် ဖြေရှင်းရေးကို လိုက်နာကြဖို့ သူက တိုက်တွန်း ပြောကြားပြီး မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုတွေကို ထောက်ခံ အားပေးကြဖို့၊ သဘောထား မတိုက်ဆိုင်တာတွေကို ဆွေးနွေးမှုတွေကနေတဆင့် ဖြေရှင်းဖို့လည်း သူက တိုက်တွန်းပါတယ်။
အာဆီယံက ကြားဝင် ညှိနှိုင်းပေးဖို့ အရေးကြီးပြီး အိမ်နီးချင်းနိုင်ငံတွေဆီကနေ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဝန်ကြီး ဝမ်ယိက ပြောပါတယ်။
စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ တရုတ်၊ လာအိုနဲ့ ထိုင်းတို့ရဲ့ ကူညီပေးမှု အတွက် ကျေးဇူးတင်ကြောင်း မြန်မာ နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင် ပြင်ဆင်နေပြီး ရွေးကောက်ပွဲအပြီးမှာ ပြည်သူဆီကို အာဏာလွှဲအပ်သွားမှာ ဖြစ်တယ်လို့လည်း ဦးသန်းဆွေက ဆိုတာပါ။
လာအို နိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန်က မြန်မာတွေ ဦးဆောင်ပြီး မြန်မာတွေ ကိုယ်တိုင် ဖြေရှင်းမယ့် နိုင်ငံရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကိုလည်း ထောက်ခံကြောင်း ပြောပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ကလည်း ပြည်တွင်းရေး ကြားဝင်မစွက်ရေးမူကို အခြေခံပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တခြား အာဆီယံနိုင်ငံတွေနဲ့အတူ ကူညီပေးဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
အဲဒီ နိုင်ငံတွေက မြန်မာ့အရေးမှာ ကြားဝင်မစွက်ပါဘူးလို့ ပြောထားပေမယ့် တရုတ်က သူတို့ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးနေပြီး သူတို့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို စစ်ကောင်စီဆီ ပြန်အပ်ဖို့ တောင်းဆိုနေပါတယ်။
Ref: Xinhua News Agency