နေပြည်တော် ၊ ဩဂုတ် ၁၄

ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် ဆန္ဒမဲပေးနိုင်ရင် လူထုအများစုရဲ့ ဆန္ဒပါဝင်တယ်လို့ သတ်မှတ်နိုင်မှာဖြစ်ကြောင်း စစ်ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဩဂုတ် ၁၂ နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်လို့ခေါ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ရဲ့ ပထမကြိမ် အစည်းအဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲဥပဒေမှာ ဆန္ဒမဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားတာ မရှိသလို အခြားနိုင်ငံတွေမှာလည်း အဲဒီလို သတ်မှတ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာမှာ ရွေးကောက်ပွဲကျင်းပတဲ့အခါ ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့တဲ့နိုင်ငံတွေလည်း ရှိသလို အများစုမှာ ၅၀ ရာခိုင်နှုန်းအထက် ဆန္ဒမဲပေးကြတာကို လေ့လာတွေ့ရှိရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါကြောင့် ၅၀ ရာခိုင်နှုန်းနဲ့ အထက် ဆန္ဒမဲပေးနိုင်မယ်ဆိုရင် လူထုအများစုရဲ့ ဆန္ဒပါဝင်တယ်လို့ သတ်မှတ်နိုင်မှာဖြစ်လို့ သိက္ခာရှိတဲ့ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားရမယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ဆန္ဒမဲပေးသူ ဘယ်လောက်ရှိမှ ရွေးကောက်ပွဲ အထ မြောက်တယ် မမြောက်ဘူးဆိုတာ ဆုံးဖြတ်တာ မဟုတ်ဘဲ ရရှိတဲ့အမတ်အရေအတွက်နဲ့ လွှတ် တော်အစည်းအဝေး တက်ရောက်နိုင်မှုပေါ် မူတည်တယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲကတော့ (ဆန္ဒမဲပေးသူ) ဘယ်လောက်ဆိုရင် အထမြောက်တယ် မမြောက်တယ်ဆိုတာ မဆုံးဖြတ်ဘူးလေ။လွှတ်တော်မှာ အမတ်ဘယ်လောက်လောက်ရရမယ် အဲဒါနဲ့ တပ်မတော်က လေးပုံတစ်ပုံ ယူထားတာပဲ။ အဲဒါနဲ့ ပေါင်းလိုက်လို့ ရှိရင် သတ်မှတ်တဲ့ အရေအတွက် ပြည့်လို့ရှိရင် လွှတ်တော် အထမြောက်တယ်ပေါ့။တကယ်လို့ အဲဒီလွှတ်တော် ပထမအကြိမ်မှာ အထမမြောက်ဘူး မတက်ဘူးဆိုရင် နောက်ထပ် တက်လာတဲ့ လူတွေနဲ့ အထမြောက်တယ်လို့ ပြဌာန်းထားတာတွေ ရှိတာပေါ့။ အဲဒီတော့ သူတို့က အထမြောက်အောင် လုပ်မှာပါ၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မဲခိုးလို့ပဲ ဖြစ်ဖြစ် အထမြောက်အောင် လုပ်မှာပဲလေ”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကလည်း လွှတ်တော်အစည်းအဝေးအထမြောက်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်တွေ ရရှိရေးနဲ့ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၅ အရ ပြဌာန်းချက်တွေကို ကိုးကားပြီး ပြောကြားခဲ့တာပါ။

ပထမဆုံးလွှတ်တော်အစည်းအဝေး ကျင်းပတဲ့အခါ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စား လှယ်ဦးရေရဲ့ ထက်ဝက်ကျော် တက်ရောက်ရင် အစည်းအဝေး အထမြောက်တယ်လို့ ဖော်ပြပါတယ်။

အထမမြောက်ရင်လည်း ဒုတိယအကြိမ်အစည်းအဝေးမှာ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ် စားလှယ်တွေထဲက အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်ရင် အစည်းအဝေး အထမြောက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လွှတ်တော်အစည်းအဝေးကျင်းပချိန်မှာ အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင် နှုန်း တက်ရောက်နိုင်ရေး စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလုပ်နိုင်တဲ့ မြို့နယ်တွေအားလုံးမှာ ကျင်းပနိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ အသိပေးထားတာပါ။

လက်ရှိပြင်ဆင်ပြဌာန်းထားတဲ့ လွှတ်တော်သုံးရပ်စလုံးရဲ့ ရွေးကောက်ပွဲဥပဒေတွေမှာတော့ လွှတ် တော်အလိုက် သတ်မှတ်ထားတဲ့ အရေအတွက်နဲ့ ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတစ်ပုံနဲ့ ညီမျှတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေလည်း အရင်အတိုင်း ပါဝင်ခွင့်ရတဲ့အခြေအနေပါ။

ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ဖြစ်တည်လာတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွေအားလုံးမှာ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းဟာ ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်အလိုက် ထိုင်ခုံတစ်နေရာစီ ရယူထားတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ မဲပေးခွင့်ရှိသူတွေအားလုံး ဆန္ဒမဲပေးနိုင်ရေး လုပ်ဆောင်ပေးသွားမှာဖြစ်သလို သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်နေရတဲ့ မဲဆန္ဒရှင်တွေလည်း ကြိုတင်မဲတွေနဲ့ ဆန္ဒမဲတွေပေးအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း အပိုင်းလိုက်ကျင်းပသွားမယ့် အထွေထွေရွေးကောက်ပွဲတွေကို မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၂၆၇ မြို့နယ်မှာ ပြုလုပ်သွားဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားတာပါ။

ရွေးကောက်ပွဲကျင်းပနိုင်မယ့် မြို့နယ်တွေ ပိုမိုတိုးတက်ရရှိဖို့ လုပ်ဆောင်ရမယ့် စစ်ဆင်ရေးနဲ့ လုံခြုံ‌ရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပေမယ့် အသေးစိတ်တော့ မဖော်ပြထားပါဘူး။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်အုပ်စုအသက်ဆက်ဖို့နဲ့ အာဏာသိမ်းမှု တရားဝင်ဖြစ်ရေးအတွက် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို မရရတဲ့နည်းနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.