ပုလော၊ ဩဂုတ် ၁၂
တနင်္သာရီတိုင်း ပုလောမြို့နယ် နန်းတောင်ကျေးရွာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့ထံက သိရပါတယ်။
နန်းတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ အထူးတပ်ဖွဲ့က ဩဂုတ် ၁၀ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAတပ်ဖွဲ့တို့ကြား အချိန်မိနစ်အနည်းငယ်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က တစ်ဦး သေဆုံးပြီး လေဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ အပြန်အလှန် ခုခံခဲ့ပေမယ့် KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့မှ တစ်စုံတရာ ထိခိုက်တာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့ဟာ စစ်တပ်ရဲ့ အင်အားကို ပြန့်ကျဲသွားစေဖို့နဲ့ တပ်စခန်းတွေမှာလည်း မလုံခြုံတဲ့ ခံစားချက်ရရှိဖို့အပြင် စစ်တပ်ရဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကလည်း ပုလောမြို့နယ် ခန္တီးကျေးရွာအနီးမှာ တိုင်းဗဟို ၁၂ ထံ ပို့ဆောင်မယ့် စစ်မှုထမ်းသင်တန်း တပ်သားတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘော တိုက်ခိုက်ခံရတာကြောင့် စစ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNLA