ပုလော၊ ဩဂုတ် ၁၂

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့အနီး တိုက်ပွဲတွေကြောင့် ၁၆ ရက်ကြာပိတ်ထားတဲ့ မြိတ် – ပုလော လမ်းပိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်တပ်ရင်း ၁ က ဩဂုတ် ၁၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကနေ သြဂုတ် ၉ ရက်နေ့အထိ ပလမြို့မှာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနဲ့ မြန်မာစစ်တပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ မြိတ် – ပုလောလမ်းပိုင်းကို ပြည်သူလူထုရဲ့ လုံခြုံရေးကြောင့် ယာယီပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အခုအခါ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတဲ့အတွက် မြိတ် – ပုလော လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် သြဂုတ် ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး ပိတ်မိနေတဲ့ ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေ ပြန်လည်သွားလာနေကြပြီလို့ ဆိုပါတယ်။

မြိတ် – ပုလော လမ်းပိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် နှစ်ဖက်တပ်တွေ စစ်ဆိုင်ထားကြောင့် ပလမြို့ခံတွေအနေနဲ့ မြို့တွင်း သွားလာတာတွေ လုံးဝမပြုလုပ်ဖို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇) မဟာမိတ်တပ်ပေါင်းစုက တားမြစ်ထားပါတယ်။

ပလမြို့တိုက်ပွဲကြောင့် ခရီးသွားပြည်သူတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ထက်မနည်း သေ ဆုံးခဲ့ပြီး ပလမြို့ခံ အများစုကလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသလို လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.