ကော့ကရိတ်၊ သြဂုတ် ၁၂
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် မြန်မာစစ်တပ်က နောက်ထပ်တစ်ကြိမ် ထပ်မံထိုးစစ်ဆင်ဖို့ စစ်ရေးပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို တော်လှန်ရေးအင်အားစုတွေဆီကနေ ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်-မြဝတီ အာရှလမ်းကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မြန်မာစစ်တပ်က ပြောဆိုထားပါတယ်။
စစ်တပ်ဟာ ကော့ကရိတ်မြို့အခြေစိုက် တပ်ရင်းတွေထဲကို တပ်အင်အားနဲ့ လက်နက်ခဲယမ်းရိက္ခာတွေကို ဖြည့်ဆည်းပို့ဆောင်တာ၊ လေကြောင်းကနေ ကင်းထောက်စောင့်ကြည့်ပျံဝဲတာတွေ လုပ်ဆောင်နေသလို အခုရက်ပိုင်းထဲမှာလည်း ကော့ကရိတ်မြို့ကနေ တော်လှန်ရေးအဖွဲ့တွေရှိတဲ့ နေရာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်တပ်က အာရှလမ်းပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ဗိုလ်ဘိခေါင်းဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့နဲ့အတူ စစ်ရေးပူးပေါင်းတိုက်ခိုက်သွားမှာဖြစ်ပြီး ခွဲထွက် DKBA အဖွဲ့ကို စစ်တပ်က လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးထားပါတယ်။
ပြီးခဲ့တဲ့ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းတိုက်ပွဲတွေမှာ ဗိုလ်ဘိခေါင်းဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့က စစ်တပ်ကို ပါဝင်ကူညီတိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ဟာ အာရှလမ်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ရေးပြင်ဆင်လုပ်ဆောင်နေသလို တဖက်မှာလည်း KNU အပေါ် စစ်ရေးအရ ဖိအားပေးတာတွေ လုပ်ဆောင်နေပြီး ဩဂုတ် ၁၀ ရက် ညပိုင်းက KNU ဗဟိုဌာနချုပ်ကို လေကြောင်းဗုံးကြဲတဲ့လုပ်ဆောင်ချက်ဟာ အာရှလမ်းပြန်ဖွင့်ဖို့အတွက် KNU ကို ဖိအားပေးတာပဲဖြစ်တယ်လို့ သုံးသပ်ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။
ဩဂုတ် ၁၀ ရက် ည ၈ နာရီအချိန်ခန့်က စစ်တပ်က ထိုင်းနယ်စပ်မှာရှိတဲ့ KNU ဗဟိုဌာနချုပ်နေရာတဝိုက်ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အဦး၊ ဈေးဆိုင်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ဒီနှစ်အစောပိုင်းတွေက KNU ဗဟိုဌာနချုပ်ကို ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ၂ ကြိမ် လုပ်ဆောင်နေခဲ့ပြီး အဲဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
လက်ရှိမှာ စစ်ရေးအနေနဲ့ ထိုင်းနယ်စပ်နားမှာရှိတဲ့ ဝေါ်လေအခြေချစစ်ဗျူဟာကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေသလို စစ်တပ်ကလည်း ဗျူဟာမကျရေးအတွက် လေကြောင်းကနေတစ်ဆင့် ရိက္ခာလက်နက်ပစ္စည်းတွေချတာ၊ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေ ပြုလုပ်နေခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media