တီဟီရန်၊ သြဂုတ် ၁၂

ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ IAEA ရဲ့ အကြီးတန်း အရာရှိ တစ်ဦး သြဂုတ် ၁၁ ရက်မှာ တီဟီရန်သို့ လာရောက်မှာ ဖြစ်ပေမယ့် နျူကလီးယားစက်ရုံတွေဆီ သွားရောက် စစ်ဆေးဖို့ စီစဉ်ထားတာ မရှိဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက သြဂုတ် ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက စတင် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန် နျူကလီးယားစက်ရုံတွေကို IAEA စုံစမ်းစစ်ဆေးရေးမှူးတွေ မစစ်ဆေး နိုင်ခဲ့ပါဘူး။

IAEA အကြီးအကဲ ရာဖေးလ် ဂရော့စီကတော့ စစ်ဆေးရေးဟာ ထိပ်တန်း ဦးစားပေးကိစ္စအဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုထား ပါတယ်။

အီရန်ဟာ နျူကလီးယား မပြန့်ပွားရေး တာဝန်တွေကို ချိုးဖောက်နေတယ်လို့ IAEA ရဲ့ ၃၅ နိုင်ငံကိုယ်စားပြု အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့က မေ ၃၁ ရက် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကြောင့် ဗုံးကြဲတိုက်ခိုက်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်ခဲ့တယ်လို့ အီရန်က စွပ်စွဲထားပါတယ်။

နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ မဟုတ်ဘူးလို့ ငြင်းဆိုထားတဲ့ အီရန်က နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်ကို အလေးထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ခုကို ဆုံးဖြတ်ဖို့ IAEA နဲ့ သြဂုတ် ၁၂ ရက်မှာ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီး အာရက်ချီက ဆိုတာပါ။

အကြီးအကဲ ဂရော့စီရဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် အီရန်ကို လာရောက်မှာ ဖြစ်ပေမယ့် ကျွန်တော်တို့ မူဘောင် တစ်ရပ် သဘောမတူခင်အထိ နျူကလီးယား စက်ရုံတွေကို စစ်ဆေးခွင့် ပေးမှာ မဟုတ်ပါဘူးလို့ သူက ဖြည့်စွက် ပြောပါတယ်။

IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းထားရေး ဥပဒေတစ်ခုကို အီရန် လွှတ်တော်က ပြီးခဲ့တဲ့ လမှာ ပြဌာန်းခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို အနာဂတ်မှာ စစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုရင် ထိပ်တန်း အမျိုးသား လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက် ယူရမယ်လို့ အဲဒီ ဥပဒေက သတ်မှတ်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.