ဝါရှင်တန်၊ သြဂုတ် ၁၂
အမေရိကန် မြို့တော်ဝါရှင်တန်ဒီစီမှာ ရာဇဝတ်မှု တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားချိန်တဲ့ သမ္မတ ဒေါ်နယ်ထရန့်က မြို့မှာရှိတဲ့ အိမ်ခြေယာမဲ့တွေ ချက်ချင်း ထွက်သွားကြရမယ်လို့ ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။
ဒါပေမဲ့ မြို့တော်ဝန်က အိမ်ဖြူတော်ရဲ့ ညွှန်ကြားချက်ကို ကန့်ကွက်ထားပြီး အမေရိကန် မြို့တော်ကို ဘဂ္ဂဒက်မြို့နဲ့ ချိတ်ဆက် ပြောဆိုလိုက်ပါတယ်။
ကျွန်တော်တို့က ခင်ဗျားတို့ကို နေစရာပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြို့တော်နဲ့ အဝေးကြီးမှာ ဖြစ်ပါတယ်လို့ ထရန့်က သြဂုတ် ၁၁ ရက်က လူမှုမီဒီယာမှာ ဖော်ပြခဲ့တာပါ။

မြို့တော်ကို အရင်ကထက် ပိုပြီး ဘေးကင်းအောင် ပိုလှပအောင် လုပ်ဆောင်သွားမယ်လို့ ရီပက်ဘလေကန် သမ္မတ ထရန့်က ပြောပါတယ်။
ဒီမိုကရက်တစ် တစ်ယောက်ဖြစ်တဲ့ မြို့တော်ဝန် မူရီရယ် ဘောင်ဆာက မြို့တော်မှာ ရာဇဝတ်မှု မြင့်တက်နေတဲ့ အခြေအနေနဲ့ ကြုံနေရတာ မဟုတ်ဘူးလို့ ပြောပါတယ်။
အိမ်ခြေယာမဲ့ ဖမ်းဆီးရေး ပိုမို လွယ်ကူသွားစေမယ့် ညွှန်ကြားချက်ကို ထရန့်က ပြီးခဲ့တဲ့လမှာ လက်မှတ်ရေးထိုးခဲ့ပြီး ဖက်ဒရယ်ဥပဒေ ထိန်းသိမ်းရေး အရာရှိတွေကို ဝါရှင်တန်ရဲ့ လမ်းမတွေဆီ သွားရောက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ညွှန်ကြားခဲ့ပါတယ်။

အိမ်ခြေယာမဲ့တွေ ချက်ချင်းထွက်သွားရမယ်လို့ ထရန့်က သူ့ရဲ့ လူမှုမီဒီယာ Truth Social မှာ သြဂုတ် ၁၁ ရက်က ဖော်ပြခဲ့တာပါ။
“ရာဇဝတ်ကောင်တွေ မြို့ထဲက ထွက်မသွားဘူးဆိုရင် မင်းတို့ရှိနေသင့်တဲ့ ထောင်ထဲကို ပို့မှာ ဖြစ်တယ်”လို့ ထရန့်က ပြောပါတယ်။
သမ္မတရဲ့ အစီအစဉ် အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် ၂၀၂၂ ခုနှစ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ မြို့တွေရဲ့ အပြင်ဖက် စျေးမကြီးတဲ့ မြေနေရာတွေမှာ အိမ်ခြေယာမဲ့တွေကို အဆင့်မြင့် တဲတွေနဲ့ နေခိုင်းမယ်လို့ အဆိုပြုခဲ့ပါတယ်။
ဝါရှင်တန်မှာ ဖက်ဒရယ် အရာရှိ ၄၅၀ ကျော် ချထားပြီး ရာဇဝတ်မှု တိုက်ဖျက်ရေး ဆောင်ရွက်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်ရဲ့ အခြားမြို့တွေနဲ့ နှိုင်းယှဉ်ရင် ဝါရှင်တန်ဟာ လူဦးရေအလိုက် လူသတ်မှု မြင့်မားနေဆဲ ဖြစ်ပါတယ်။
Ref:BBC