ရေဖြူ၊ ဩဂုတ် ၁၁

တနင်္သာရီတိုင်း ရေ ‌‌ဖြူမြို့နယ် နတ်အိမ်တောင်‌ဒေသရှိ ပွိုင့် ၁၅၀၀ အမြောက်တပ်စခန်းက တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

ရေဖြူမြို့နယ်ရှိ နတ်အိမ်တောင် ရှေ့တန်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ လောင်းလုံးအခြေစိုက် အမှတ် ၁၀၄ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့မှာ KNU၊ KNLA တပ်မဟာ(၄)၊ တပ်ရင်း ၁၀ ထံ ဘက်ပြောင်းခိုလှုံခဲ့တာပါ။

KNU ထံ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားဟာ အသက် ၂၅ နှစ်အရွယ် တပ်သား မင်းထက်နိုင် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်သား မင်းထက်နိုင်ဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို မကြိုက်တာကြောင့် MA-1 သေနတ်တစ်လက်၊ ကျည်ဆံ ၃၀ တောင့်၊ ကျည်ဘောင်တစ်ခုနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း နတ်အိမ်တောင် နယ်စပ်စခန်းကုန်းနဲ့ ပွိုင့် ၁၅၀၀ အမြောက်စခန်းကုန်းရှိ ဗိုလ်ကြီးမျိုးဆွေဦးနဲ့ ဗိုလ်ကြီးဇော်ဇော်အောင် အပါအဝင် အခြားအဆင့် တပ်သာ လေးဦး KNU ထံ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.