လိုင်ဇာ ၊ ဩဂုတ် ၁၁

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာမိတ် ကချင်တိုင်းရင်းသားခေါင်းဆောင်တွေ ကချင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး တော်လှန်ရေးပန်းတိုင်ကို ရောက်ရှိမယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

ဩဂုတ် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပေးပိုတဲ့ ဂါရဝပြုသဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတာပါ။

လက်ရှိ နွေဦးတော်လှန်ရေးမှာ NUG နဲ့ မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူလူထုရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တွန်းလှန်ရေး၊ အမျိုးသားတန်းတူညီမျှမှုရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။

ဒီအတွက် မဟာမိတ် ကချင်တိုင်းရင်းသားခေါင်းဆောင်တွေ ကချင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ အတူတကွ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်ပြီး ဘုံရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးပန်းတိုင်ကို ရောက်ရှိမယ်လို့ NUG က ခိုင်မာစွာ ယုံကြည်တယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့သဝဏ်လွှာမှာလည်း ကချင်အာဇာနည်တွေ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်နစ်ချုပ်ငြိမ်းရေးတိုက်ပွဲဟာ ဒီကနေ့ကာလမှာ အပြီးသတ် အောင်ပွဲရရှိဖို့ ပိုမိုနီးကပ်လာပြီလို့ ဖော်ပြပါတယ်။

ဒါ့အပြင် ကချင်အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီတူရှိခွင့်၊ တရားမျှတခွင့်ရရှိရေး တော်လှန်ရေးခရီးမှာ ကချင်လူမျိုးတွေသာမက မြေပြန့်ရှိ လူများစု ဗမာလူမျိုးတွေအပါအဝင် တနိုင်ငံလုံးရှိ လူမျိုးတွေ ပူးပေါင်းတိုက်ပွဲဝင်နေပြီလို့ ဆိုပါတယ်။

အာဏာရှင်စနစ်ကိုဖယ်ရှားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကို စတင်တည်ထောင် ဦးဆောင်ခဲ့ကြတဲ့ ကချင်ခေါင်းဆောင်တွေ အသက်ပေးလှူခဲ့ရတဲ့နေ့ကို ဂုဏ်ပြုကာ ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ၊

မြန်မာနိုင်ငံလွတ်လပ်ရေးပန်းတိုင်ကို ကြိုးပမ်းခဲ့စဉ်ကတည်းက လက်ရှိ နွေဦးတော်လှန်ရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးဖြစ်အောင် ကြိုးပမ်းမှုအထိ အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ကချင်တိုင်းရင်းသားခေါင်းဆောင် အာဇာနည်တွေ၊ ကချင်တိုင်းရင်းသား ပြည်သူလူထုနဲ့တကွ ကချင်တော်လှန်ရေး ရဲဘော်ရဲဘက်တွေအားလုံးကို လေးစားစွာ ဂုဏ်ပြုဦးညွှတ်ပါကြောင်း NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.